CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂

ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က ကိုဗစ်ကာကွယ်ဆေးမထိုးတဲ့ အခြေအနေကြောင့် အင်ဒီးယန်းဝဲလ်နဲ့ မိုင်ယာမီပြိုင်ပွဲတွေမှာ မပါဝင်နိုင်တဲ့အပေါ် နောင်တမရဘူးလို့ ပြောလိုက်ပါတယ်။

ဂျိုကိုဗစ်က “ကျနော် နောင်တရစရာမရှိပါဘူး။ နောင်တတွေက ခင်ဗျားကို ချုပ်ကိုင်ပြီး အခြေခံအားဖြင့် ခင်ဗျား ကို အတိတ်မှာ နေထိုင်တယ်ဆိုတာဟာ ကျနော်ဘဝ တစ်လျှောက်လုံး သင်ယူခဲ့ရတာပါ။ ကျနော်ဒီလို မလုပ်ချင်ပါ ဘူး။ အနာဂတ်မှာလည်း အများကြီး မရှင်သန်ချင်ပါဘူး။ လက်ရှိအချိန်မှာ ဖြစ်ချင်ပေမယ့် အနာဂတ်ကို တွေးပြီး၊ ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးပါ”လို့ CNN ကို ပြောခဲ့တာပါ။

လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံဟာ ကာကွယ်ဆေး မထိုးထားတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့် တားမြစ်ထားတာ ဖြစ်ပေမယ့် အစိုးရဟာ မေလမှာ သူ့ရဲ့ ကိုဗစ်အရေးပေါ် ကြေညာချက်ကို အဆုံးသတ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒီလို လုပ်လိုက်မယ်ဆိုရင် ကိုဗစ်မူဝါဒကို ရုပ်သိမ်းသွားဖို့ ရှိနေတာပါ။ အသက် ၃၅ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ အထူးခွင့်ပြုချက်အတွက် အမေရိကန်အစိုးရထံ လျှောက်ထားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။
အဲဒါကြောင့်လည်း ဂျိုကိုဗစ်ဟာ အယ်လ်ကာရတ်ဇ်ကို သူ့ရဲ့ ကမ္ဘာ့နံပါတ် ၁ နေရာကို ပြန်လွှဲပြောင်း ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဂျိုကိုဗစ် ပရိသတ်ကိုနှုတ်ဆက်နေစဉ် 

ဂျိုကိုဗစ်က “ကျနော် အယ်လ်ကာရတ်ဇ်ကို ဂုဏ်ပြုချင်ပါတယ်။ သူဟာ နံပါတ် ၁ နေရာကို ပြန်လည် ရယူနိုင်ဖို့ အတွက် လုံးဝ ထိုက်တန်ပါတယ်”လို့ ပြောခဲ့တာပါ။

ဆားဘီးယား တင်းနစ်ကစားသမားဟာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တဲ့ အမေရိကန်မှာ ယှဉ်ပြိုင်ခွင့် မရတဲ့ အပေါ် ဝမ်းနည်းမိပေမယ့် အခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် အမေရိကန် အိုးပန်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ ဂရမ်းဆလမ်းပြိုင်ပွဲ တစ်ခုဖြစ်တဲ့ အမေရိကန် အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆု ၃ ကြိမ်အထိ ရရှိထားပါတယ်။

Source: CNA