CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၆

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဘတ်စ်တစ်အသင်းနဲ့ ဂိုးမရှိ သရေကျပြီးနောက် အသင်းရဲ့ ဂိုး မသွင်းနိုင်တဲ့ အခြေအနေတွေကို စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တယ်လို့ ပြောလိုက်ပါတယ်။

အန်ဆယ်လော့တီက “ဒေါသထွက်တာထက် စိတ်မကောင်း ဖြစ်မိပါတယ်။ ကျနော်တို့ ဂိုးမသွင်းနိုင်တာက ထူးဆန်းပါတယ်။ အရည်အသွေးရှိတဲ့ အသင်းတစ်သင်းက နောက်ဆုံး ၃ ပွဲမှာ ၁ ဂိုးထက် ပိုပြီး မသွင်းနိုင်ခဲ့တာက ပုံမှန်တော့ မဟုတ်ပါဘူး။ ဒါကို တော်တော်လေး စိတ်မကောင်း ဖြစ်ရပါတယ်။ ကျနော်တို့မှာ ဂိုးသွင်းနိုင်တဲ့ အရည် အသွေးတွေရှိပြီး ဒါကို အမြဲတမ်း လုပ်ဆောင်ထားပေမယ့် အခု မလုပ်နိုင်တဲ့အပေါ် ကစားသမားတွေကလည်း စိတ်ပျက်နေကြပါတယ်။ ကျနော်တို့ရဲ့ တိုက်စစ်ပိုင်းက ပြဿနာတစ်ခုခု ရှိနေပြီလို့ ထင်ပါတယ်။ ပိုပြီးတော့ တိကျ သေချာဖို့ လိုအပ်လာပြီ”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲမှာ သွင်းဂိုး ၁ ဂိုးသာ ရယူထားနိုင်ပါတယ်။ အဲဒီပွဲတွေမှာ ၂ ပွဲ သရေ ၁ ပွဲရှုံး ရလဒ်ထွက်ပေါ်ထားတာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကိုတွေ့ရစဉ်

လာလီဂါ လက်ရှိ ချန်ပီယံဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းကို ၅ ဂိုး- ၂ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရပြီး နောက်ပိုင်းမှာ ရလဒ်တွေဟာ ကျဆင်းလာခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ သရေကျခဲ့တာကြောင့် ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းနဲ့ ၉ မှတ် ကွာဟသွားခဲ့ပါတယ်။

အန်ဆယ်လော့တီက “ကျနော်တို့ဟာ ချန်ပီယံ ပြေးလမ်းကြောင်းထဲကနေ ထွက်သွားမှာ မဟုတ်သေးပါဘူး။ ကွာဟချက်ကတော့ ကြီးမားပါတယ်။ ဒီတစ်ပတ်လုံးကို ကျနော်တို့ အလုပ်လုပ်သွားဖို့ ရှိနေပါတယ်။ အဆုံးထိ ဆက်ပြီး တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်။ ကစားရမယ့် ပွဲတွေ အများကြီး ရှိပေမယ့် ကျနော်တို့ တိုးတက်ဖို့တော့ လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ လာမယ့် စနေနေ့မှာ လာလီဂါပွဲစဉ်အဖြစ် အိမ်ကွင်းမှာ အက်စ်ပန်ညိုအသင်းနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

Source: CNA