CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၈

ကမ္ဘာ့နံပတ် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ခွင့် ငြင်းပယ်ခံရလို့ လာမယ့် အပတ်မှာ ကျင်းပမယ့် မိုင်ယာမီအိုးပန်းပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ ကိုဗစ်ကာကွယ်ဆေးမထိုးထားတာကြောင့် အမေရိကန်နိုင်ငံထဲကို ဝင်ရောက်နိုင်ဖို့ အထူးခွင့်ပြုချက် လျှောက်ထားခဲ့တာပါ။အမေရိကန်နိုင်ငံထဲကို ဝင်ရောက်မယ့် နိုင်ငံတကာ ဧည့်သည်တွေအနေနဲ့ ကာကွယ်ဆေးထိုးရမှာဖြစ်ပြီး အနည်းဆုံး ဧပြီလ ၁၀ ရက်အထိ အထောက်အထားတွေ လိုအပ်တာဖြစ်ပါတယ်။ဂျိုကိုဗစ်ဟာ ဒီလိုအကြောင်းပြချက်ကြောင့်ပဲ ကျင်းပနေတဲ့ အင်ဒီးယန်းဝဲလ် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရတာပါ။

မိုင်ယာမီအိုးပန်းပြိုင်ပွဲဒါရိုက်တာ ဂျိမ်းစ်ဘလိတ်က “ကျနော်တို့ဟာ ကမ္ဘာ့ထိပ်တန်းပြိုင်ပွဲတွေထဲကတစ်ခုဖြစ်ပြီး အကောင်းဆုံးကစားနိုင်တဲ့ ကစားသမားတွေကိုပဲ လိုချင်ပါတယ်။ကျနော်တို့လုပ်နိုင်သလောက်လုပ်ခဲ့ပြီး အစိုးရနဲ့ လည်း စကားပြောဖို့ ကြိုးစားခဲ့ပေမယ့် ဒါက ကျနော်တို့ လက်ထဲမှာမရှိပါဘူး။ဂျိုကိုဗစ်ပါဝင်ခွင့်ရနိုင်ဖို့ လုပ်ဆောင် ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။သူဟာ ကျနော်တို့ရဲ့ အကြီးမားဆုံးချန်ပီယံဖြစ်တဲ့အတွက် သူ့ကို ဒီမှာရှိစေချင်တာပါ။ ဒါပေမယ့် ကံမကောင်းခဲ့ပါဘူး” လို့ Tennis Channel ကို ပြောခဲ့တာဖြစ်ပါတယ်။

ဆားဘီးယားတင်းနစ်သမားဟာ ပြီးခဲ့တဲ့နှစ်ကလည်း ကိုဗစ်ကာကွယ်ဆေးမထိုးတဲ့အခြေအနေကြောင့် ယှဉ်ပြိုင် ကစားခွင့်မရခဲ့ပါဘူး။ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ်က သြစတြေးလျနိုင်ငံအတွင်းက ပြည်နှင်ဒဏ်ပေးခံခဲ့ရကာ ပြိုင်ပွဲ လည်း ယှဉ်ပြိုင်ခွင့်မရခဲ့ပေမယ့် ကိုဗစ်ကာကွယ်ဆေးထိုးမယ့်အစား ဂရမ်းဆလမ်းပြိုင်ပွဲတွေကို မယှဉ်ပြိုင်ဘူးလို့ ပြောခဲ့တာပါ။ဒါပေမယ့်လည်း အခုနှစ် သြစတြေးလျအိုးပန်းပြိုင်ပွဲမှာတော့ ဂျိုကိုဗစ်ဟာ ပြန်လည်ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂရမ်းဆလမ်း (၂၂) ကြိမ်ရရှိထားတဲ့ ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့အပတ်က ဒူဘိုင်းတင်းနစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ မက်ဗီ ဒက်ဗ်ကို အရေးနိမ့်ပြီး ဒီရာသီ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့တာပါ။ဂျိုကိုဗစ်ဟာ ဧပြီလ ၉ ရက် မြေစေးကွင်းမှာ ကျင်းပမယ့် မွန်တီကာလိုမာစတာ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Source:BBC