CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅

ရီးရယ်လ်အသင်းဟာ မန်စီးတီးအသင်းကို ကျော်ဖြတ်ပြီး ဘောလုံးလောကရဲ့ဝင်ငွေ အများဆုံးအသင်း ဖြစ်လာတယ်လို့ Deloitte က ဖော်ပြထားပါတယ်။

ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီမှာ စံချိန်တင်ဝင်ငွေ ယူရို ၈၃၁ သန်းရရှိခဲ့ပြီး Deloitte Money League စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။ 

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာကြောင့် စံချိန်တင်ဝင်ငွေ ယူရို ၈၂၆ သန်းရရှိခဲ့ပေမယ့် ဒုတိယနေရာကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ 

ဒီစာရင်းရဲ့ ထိပ်ဆုံး ကလပ်အသင်း ၂၀ ရဲ့ဝင်ငွေဟာ စံချိန်တင် ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ယူရို ၁၀.၅ ဘီလီယံအထိ ရှိလာခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းကို ဆီမီးဖိုင်နယ်မှာ အရေးနိမ့်ခဲ့သလို စပိန်လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာအသင်းရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ 

ရီးရယ်လ်အသင်းသမားများအား တွေ့ရစဉ်

ဒါပေမယ့် စပိန်ကိုပါဒယ်ရေး၊ ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလားတို့ကို ရယူနိုင်ခဲ့တာကြောင့် ၂၀၁၇-၁၈ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် Deloitte Money League ရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့တာပါ။

ပီအက်စ်ဂျီအသင်းက ယူရို ၈၀၂ သန်းနဲ့ တတိယ၊ ဘာစီလိုနာအသင်းက ယူရိုသန်း ၈၀၀ နဲ့ စတုတ္ထ၊ ယူနိုက်တက်အသင်းက ယူရို ၇၄၆ သန်းနဲ့ ပဉ္စမနေရာတွေမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့တာကြောင့် ယူရို ၆၈၃ သန်းနဲ့ တတိယနေရာကနေ သတ္တမနေရာအထိ ကျဆင်းသွားခဲ့တာပါ။ 

Deloitte Money League စာရင်း

ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ စပါး၊ ချယ်လ်ဆီး၊ အာဆင်နယ်အသင်းတို့ဟာ ထိပ်ဆုံး ၁၀ သင်းစာရင်းဝင်ခဲ့ပြီး နယူးကာဆယ်၊ ဝက်စ်ဟမ်းနဲ့ စပါးအသင်းတို့က ထိပ်ဆုံးအသင်း ၂၀ စာရင်းထဲဝင်ခဲ့တယ်လို့ သိရပါတယ်။

လက်စတာ၊ လိဒ်စ်နဲ့ အဲဗာတန်အသင်းတို့ဟာ ထိပ်ဆုံးအသင်း ၂၀ ပြင်ပကို ရောက်ရှိသွားခဲ့ပြီး ဝက်စ်ဟမ်း၊ လီဗာပူးလ်နဲ့ အသလက်တီကို အသင်းတို့ဟာ ထိပ်ဆုံးအသင်း ၂၀ ထဲမှာဝင်ငွေအများအပြားလျှော့ကျသွားတဲ့ အသင်းအဖြစ်ရှိခဲ့တယ်လို့ Deloitte Money League ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။

Source:BBC