CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၉

ရီးရယ်လ်အသင်းတိုက်စစ်မှူး ရိုဒရီဂိုက ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆု နောက်ဆုံး ဆန်ခါတင် ၃၀ ဦးစာရင်းမှာ သူချန်လှပ်ခံရတဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောခဲ့ပါတယ်။

ရိုဒရီဂိုက “ကျနော် စိတ်မကောင်းဖြစ်မိပြီး ဒီ ၃၀ ဦး စာရင်းထဲမှာ ပါဝင်ဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ အံ့အား သင့်စရာ ကောင်းခဲ့ပေမယ့် ကျနော်လုပ်နိုင်တာ အများကြီးမရှိသလို ကျနော်ဟာ ဒီအရာကို ဆုံးဖြတ်တဲ့သူလည်း မဟုတ်ပါဘူး”လို့ ESPN ကို ပြောခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ်ရှိ ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်း လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ တာမှာ ၁၇ ဂိုးသွင်းပြီး ၉ ဂိုးဖန်တီးကာ ခြေစွမ်းပြသနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ 

ဒါပေမယ့် ရိုဒရီဂိုဟာ ဘောလွန်းဒီအောဆုအတွက် ဆန်ခါတင် စာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ 

အဲဒါကြောင့် ရိုဒရီဂိုဟာ စိတ်ပျက်နေပြီး ဒီဆုအတွက် ဆန်ခါတင်စာရင်း ထုတ်ပြန်ခဲ့တုန်းက သူ့ရဲ့ဆိုရှယ်မီဒီယာ မှာ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့သေးတာပါ။ 

ရိုဒရီဂိုကို တွေ့ရစဉ်

ရိုဒရီဂိုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရီးရယ်လ်အသင်းရဲ့ အောင်မြင်မှုမှာ ဗီနီစီးယက်စ်လိုပဲ အဓိကကျတဲ့သူအဖြစ် ရှိခဲ့တာဖြစ်ပါတယ်။

ရိုဒရီဂိုဟာ ၂၀၁၉ ခုနှစ်က ဆန်းတို့စ်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ရီးရယ်လ်အသင်းအတွက် ၂၂၁ ပွဲ ကစားထားပြီး ၅၅ ဂိုးသွင်းယူကာ လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူထားတာပါ။

ရီးရယ်လ်ကစားသမားဟာ ပြီးခဲ့တဲ့ အီကွေဒေါအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ 

ရိုဒရီဂိုဟာ လက်ရှိအချိန်မှာ ပါရာဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ခြေစစ်ပွဲအတွက် ဘရာဇီးလ်အသင်းနဲ့ လေ့ကျင့် ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။ 

ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ် ၇ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ် ရရှိထားတာ ဖြစ်ပါတယ်။ 

Source: Goal