CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၉

ပေါ်တူဂီအသင်းဟာ စကော့တလန်အသင်းနဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ လူစားဝင်လာတဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒိုရဲ့ နောက်ကျသွင်းဂိုးကြောင့် ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ 

ဒီပွဲမှာ စကော့တလန်အသင်းဟာ တော်မီနေးရဲ့သွင်းဂိုးနဲ့ ပထမပိုင်းမှာ ပေါ်တူဂီအသင်းကို ဦးဆောင်နေခဲ့တာပါ။ 

ဒါပေမယ့် ပေါ်တူဂီအသင်းဟာ ဒုတိယပိုင်းအစမှာ ရော်နယ်ဒိုကို လူစားလဲထည့်သွင်းပြီး အနိုင်ရလဒ် ရယူနိုင်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းအတွက် ချေပဂိုးကို ဘရူနိုဖာနန်ဒက်စ်က သွင်းယူခဲ့ပြီး အနိုင်ဂိုးကို ရော်နယ်ဒိုက ပွဲချိန် ၈၈ မိနစ်မှာ သွင်းယူခဲ့တာပါ။ 

အဲဒါကြောင့် ပေါ်တူဂီအသင်းဟာ နေးရှင်းလိဂ် ၂ ပွဲ ဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်ကမှ သွင်းဂိုး ၉၀၀ ပြည့်ခဲ့ပြီးနောက် ကစားသမားဘဝသွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ရည်မှန်းထားတဲ့ ရော်နယ်ဒိုအတွက် ဒီဂိုးဟာ ၉၀၁ ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့တာပါ။ 

ပေါ်တူဂီအသင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ရော်နယ်ဒိုရဲ့ သက်ရောက်မှုကို ပွဲအပြီးမှာ ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။

စကော့တလန်နဲ့ပေါ်တူဂီအသင်း ယှဉ်ပြိုင်နေစဉ်

ဘရူနိုဖာနန်ဒက်စ်က “ရော်နယ်ဒို ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ သူ့ရဲ့လွှမ်းမိုးမှုက အမြဲတမ်း အတူတူပါ ပဲ။ ဝင်ရောက်လာတဲ့သူတိုင်းက ခြားနားမှုတွေ ပြုလုပ်နိုင်ပြီး ရော်နယ်ဒိုဟာ ဒီပွဲမှာ ၉၀၁ ဂိုးမြောက်ဂိုးကို သွင်းယူ နိုင်ခဲ့ပါတယ်။ အခုအချိန်မှာ သူဟာ အလိုရှိနေတဲ့ သွင်းဂိုး ၁,၀၀၀ အတွက် သွားနေပြီ”လို့ ပြောခဲ့ပါတယ်။

စကော့တလန်အသင်းကတော့ ဒီရှုံးပွဲကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲ ၈ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးနေခဲ့သလို နောက်ဆုံး ၁၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရတဲ့အထိ ရလဒ်တွေဆိုးနေခဲ့တာ ဖြစ်ပါတယ်။ 

စကော့တလန်အသင်း နည်းပြ စတိဗ်ကလက်ခ်က ရလဒ်ဆိုးတွေအတွက် အလွန်စိတ်ပျက်မိပြီး ကစားသမား တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် သူတို့တစ်ခုခု ရယူနိုင်ဖို့ ထိုက်တန်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

နေးရှင်းလိဂ်အုပ်စု A1 ရဲ့ပွဲစဉ် ၂ ပွဲစီ ကစားအပြီးမှာ ပေါ်တူဂီအသင်းက ရမှတ် ၆ ရရှိထားပြီး ခရိုအေးရှားနဲ့ ပိုလန် အသင်းတို့က ၃ မှတ်စီ ရရှိထားကာ စကော့တလန်အသင်းက အမှတ်မရရှိသေးတာ ဖြစ်ပါတယ်။

Source: ESPN