CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆

အမေရိကန်အမျိုးသမီးအသင်းနဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်၊ အိုလံပစ်ရွှေတံဆိပ် ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး အဲလက်စ်မော်ဂန်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝက အနားယူကြောင်း ကြေညာခဲ့ပါတယ်။ 

အသက် ၃၅ နှစ်အရွယ်ရှိ အဲလက်စ်မော်ဂန်ဟာ သူမရဲ့ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ ဗွီဒီယိုမှာ အနားယူတဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး သူမဟာ ဒုတိယမြောက်ကလေးကို ကိုယ်ဝန်ဆောင်ထားရတယ်လို့ ပြောခဲ့ပါ တယ်။ 

နာမည်ကြီး အမျိုးသမီး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ အဲလက်စ်မော်ဂန်ဟာ သူမရဲ့ ကလပ်အသင်းဖြစ်တဲ့ ဆန်ဒီယေဂိုဝေ့ဖ်အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ဒီအပတ်ကစားမယ့် ပွဲစဉ်ကို ပါဝင်ကစားသွားမှာပါ။ 

အဲလက်စ်မော်ဂန်က “အနားယူဖို့ ဆုံးဖြတ်ချက် ချရတာဟာ မလွယ်ကူပါဘူး။ ဒါပေမယ့် ၂၀၂၄ ခုနှစ် အစပိုင်းမှာ ကျမ ဘောလုံးကစားရမယ့် နောက်ဆုံးရာသီဆိုတာ နှလုံးသားထဲမှာ ခံစားမိခဲ့ပါတယ်။ ဘောလုံးဟာ ကျမရဲ့ အစိတ်အပိုင်းအဖြစ် နှစ်ပေါင်း ၃၀ ကြာရှိခဲ့ပြီး ကျမ ပထမဆုံးချစ်မြတ်နိုးတဲ့ အရာတွေထဲက တစ်ခုပါ။ ဒီအားကစားနည်းအတွက် ကျမ အရာအားလုံးကို ပေးခဲ့ပြီး ပြန်ရခဲ့တဲ့ အရာတွေကလည်း ကျမ အိပ်မက်မက်ခဲ့တာ ထက်တောင် ပိုပါတယ်”လို့ ပြောခဲ့ပါတယ်။

 အဲလက်စ်မော်ဂန်ကို တွေ့ရစဉ်

အဲလက်စ်မော်ဂန်ဟာ အမေရိကန် အမျိုးသမီးအသင်းနဲ့ ၂၀၁၅၊ ၂၀၁၉ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဆု ရယူနိုင်ခဲ့ပြီး ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်နဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ကြေးတံဆိပ်တို့ကို ရယူနိုင်ခဲ့တာပါ။

အဲလက်စ်မော်ဂန်ဟာ အမေရိကန်အသင်းအတွက် ၂၀၁၀ ခုနှစ်မှာ စတင်ပွဲဦးထွက်ခွင့်ရခဲ့ပြီး ပွဲပေါင်း ၂၂၄ ပွဲ ပါဝင်ကစားကာ ၁၂၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အဲလက်စ်မော်ဂန်ဟာ ကလပ်ကစားသမားဘဝမှာလည်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ အဲလက်စ်မော်ဂန်ဟာ ၂၀၂၀-၂၁ က အမျိုးသမီး စူပါလိဂ်အသင်းဖြစ်တဲ့ စပါးအသင်းမှာ လာရောက်ကစားခဲ့ပြီးနောက် အမေရိကန်ကလပ် ဆန်ဒီယေဂိုဝေ့ဖ်အသင်းထံ ပြန်လည်ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ 

Source: BBC