CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄

ဂျာမန်ဂန္ထဝင် လိုသာမာသီးယက်စ်က ဘာစီလိုနာအသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ ဂိုးသမားစတီဂန်ကို ခေါ်ယူဖို့ မန်စီးတီးအသင်းကို တိုက်တွန်းမှုပြုလုပ်ခဲ့ပါတယ်။

လိုသာမာသီးယက်စ်က "မန်စီးတီးရဲ့ အစီအစဉ်ကို မသိပေမယ့် သူတို့ဟာ အီဒါဆန်နဲ့ ပတ်သက်ပြီး မပျော်ရွှင် ဘူးလို့ ကျနော်ထင်ပါတယ်။ စတီဂန်ဟာ လာမယ့် ၃ နှစ်၊ ၄ နှစ်တွေမှာ မန်စီးတီးအသင်းရဲ့ ဂိုးသမားဖြစ်နိုင်တယ် လို့ ကျနော်ထင်ပါတယ်။ စတီဂန်အနေနဲ့ ဘာစီလိုနာမှာ အရန်ခုံ ထိုင်ရမယ်ဆိုရင် ဂျာမနီမှာ ပွဲထွက်ခွင့်ရမှာ မဟုတ်ပါဘူး။ ကျနော်ကတော့ ဘာစီလိုနာကနေ စတီဂန်ထွက်ခွာဖို့ မျှော်လင့်တယ်"လို့ Sky Sports Germany မှာ ရေးသားခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုအသင်းကနေ ဂိုးသမားဂါစီယာကို ခေါ်ယူခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီ ကုန်ခါနီးမှာ အသင်းအတွက် ပွဲတွေပြန်ကစားနိုင်ခဲ့တဲ့ ဂိုးသမားစတီဂန်ရဲ့ အနာဂတ်ဟာ သံသယ ဖြစ်လာခဲ့ပါတယ်။ 

အဲဒါကြောင့်လည်း လိုသာမာသီးယက်စ်က မန်စီးတီးအသင်းအနေနဲ့ အီဒါဆန်ရဲ့ နေရာမှာ အစားထိုးဖို့ စတီဂန်ကို ခေါ်ယူသင့်တယ်လို့ ပြောခဲ့တာပါ။ 

စတီဂန်ကို တွေ့ရစဉ်

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက စတီဂန် ဒဏ်ရာရချိန်မှာ အရေးပေါ် ခေါ်ယူခဲ့တဲ့ ဂိုးသမား ဆက်ဇနီ ကိုလည်း ၂ နှစ်စာချုပ် သက်တမ်းတိုးဖို့ ရှိနေပါတယ်။ 

စတီဂန်အနေနဲ့ ဘာစီလိုနာအသင်းမှာ ဆက်ရှိချင်တယ်ဆိုရင် အသင်းရဲ့နံပါတ်တစ် ဂိုးသမားနေရာအတွက် ဆက်ဇနီ၊ ဂါစီယာတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ 

မန်စီးတီးအသင်းဟာ နည်းပြဂွာဒီယိုလာ အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ပထမရာသီမှာ စတီဂန်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဘာစီလိုနာအသင်းက သူ့ကို ရောင်းချဖို့ ငြင်းဆန်ပြီး သူ့အစား ဘရာဗိုကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းရဲ့ ဘရာဇီးလ်ဂိုးသမား အီဒါဆန်ဟာ အသင်းနဲ့ စာချုပ်တစ်နှစ်သာ ကျန်ရှိတော့ပြီး မနှစ်က ရာသီမှာ အမှားအယွင်း အများအပြား ပြုလုပ်ခဲ့တာပါ။

မန်စီးတီးအသင်းဟာ အီဒါဆန်ရဲ့ နေရာမှာ အစားထိုးဖို့ ဂိုးသမားအချို့ကို ပစ်မှတ်ထား စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ 

စတီဂန်ဟာ သူ့ရဲ့ ဘာစီလိုနာအသင်း အနာဂတ်နဲ့ပတ်သက်ပြီး နည်းပြ ဟန်ဆီဖလစ်နဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

Source: Goal