CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၀

ချယ်လ်ဆီးအသင်းဟာ ပေါ်တူဂီတိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ခေါ်ယူဖို့ အသလက်တီကိုအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့သလို ကွင်းလယ်လူ ဂယ်လာဂါဟာ အပြောင်းအရွှေ့ အစိတ်အပိုင်းအဖြစ် စပိန်ကလပ်ထံ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ အပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းမှာ အငှားလာရောက် ကစားခဲ့ဖူးတဲ့ ဂျာအိုဖီးလစ် ဟာ လန်ဒန်ကလပ်နဲ့ ၆ နှစ် စာချုပ်ချုပ်ဆိုမှာပါ။

ဂျာအိုဖီးလစ်ရဲ့ ပြောင်းရွှေ့ကြေးကို အတိအကျ မသိရသေးပေမယ့် ယူရိုသန်း ၅၀ တန်ကြေးရှိနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ 

ဂျာအိုဖီးလစ်ဟာ အပြောင်းအရွှေ့ ကိစ္စတွေကြောင့် ဗီလာရီးရယ်လ်အသင်းနဲ့ သရေကျခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ အသင်းအတွက် မပါဝင်နိုင်ခဲ့ဘူးလို့ အသလက်တီကို အသင်းနည်းပြ ဆီမြွန်နီက အတည်ပြုခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်း အကယ်ဒမီထွက် ဂယ်လာဂါဟာ အသလက်တီကိုအသင်းထံ ပေါင် ၃၄ သန်းနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုကာ ပြောင်းရွှေ့မှာဖြစ်ပြီး ပုဂ္ဂိုလ်ရေး သဘောတူညီမှုရခဲ့သလို ဆေးစစ်မှုလည်း ပြီးမြောက်ခဲ့ပြီ ဖြစ်တာပါ။ 

ဂယ်လာဂါဟာ အသလက်တီကိုအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ နှောင့်နှေးနေလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ လန်ဒန်ကို ပြန်လာခဲ့ပေမယ့် အခု မက်ဒရစ်ကို ပြန်သွားပြီး အပြောင်းအရွှေ့ကို အပြီးသတ် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 

ရောင်းထုတ်မယ့် ချယ်လ်ဆီးအသင်း ကစားသမား ၃ ဦးကိုတွေ့ရစဉ်

ဂျာအိုဖီးလစ်ဟာ ဒီနွေရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ ၁၁ ဦးမြောက် ကစားသမားခေါ်ယူမှု ဖြစ်လာမှာပါ။ 

ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင်မှာ ကစားသမား အများအပြားကို ရောင်းချဖို့ လုပ်ဆောင်နေပြီး ဒီအထဲမှာ လူကာကူ၊ စတာလင်၊ ဘန်ချီဝဲလ်တို့လို နာမည်ကြီးတွေလည်း ပါဝင်နေတာပါ။ 

လူကာကူဟာ နာပိုလီအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီး စတာလင်ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းက စိတ်ဝင် စားနေတယ်လို့ သတင်းထွက်နေတာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် ဒုတိယမြောက်ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ဖို့ မျှော်လင့်နေတာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN