CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၀

စပါးအသင်းနဲ့ ပရီးမီးယားလိဂ် ရာသီသစ်အဖွင့်ပွဲစဉ်မှာ လက်စတာအသင်းကို သရေရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ဗာဒီက အသက်အရွယ်ကို ကိန်းဂဏန်းတစ်ခုလိုပဲ မြင်တယ်လို့ ပြောခဲ့ပါတယ်။ 

ဗာဒီက “ကျနော်ကတော့ အသက်အရွယ်ကို ကိန်းဂဏန်းတစ်ခုလိုပဲ မြင်ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ကျနော့် ခြေထောက်တွေက ကောင်းမွန်နေမယ်ဆိုရင် ဆက်ပြီးသွားနေမှာပါ။ ကျနော်ဟာ ဒီလိုမျိုးပဲဆက်ပြီး ပြေးနိုင်အောင် ကြိုးစားနေတုန်းပါပဲ။ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို ပြန်လည်ကောင်းမွန်လာအောင် အမြင့်ဆုံး အဆင့်အထိ လုပ်ဆောင်နေတာပါ”လို့ ပြောခဲ့တာပါ။ 

လာမယ့် ဇန်နဝါရီလဆိုရင် အသက် ၃၈ နှစ်ပြည့်တော့မယ့် ဗာဒီဟာ အခုအချိန်ထိ နှေးကွေးသွားတဲ့ ပုံစံမရှိဘဲ စပါးအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာအသင်းအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးဟာ ဗာဒီအတွက် ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်မှာ သွင်းယူတဲ့ ၈ ဂိုးမြောက်ဂိုးဖြစ်ပြီး သူ့ထက် ဂိုးပိုများတဲ့ သူဆိုလို့ လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလက်က ၉ ဂိုးနဲ့ ထိပ်ဆုံးနေရာ ရပ်တည်နေတာပါ။ 

ဗာဒီကို တွေ့ရစဉ်

ဒါအပြင် ဗာဒီဟာ ရှရင်ဂမ်နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ် ၁ မှာ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် အသက်အကြီး ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီကမှ လက်စတာအသင်းနဲ့ ၁ နှစ် စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဗာဒီဟာ အသက် ၄၀ နှစ်အထိ ဘောလုံးဆက်ကစားနိုင်ဖို့ ရည်ရွယ်နေတာပါ။ 

ဗာဒီဟာ ဒီပွဲမှာ စပါးအသင်း ပရိသတ်တွေကို လက်စတာအသင်းက ပရီးမီးယားလိဂ်ဖလား ၁ ကြိမ် ရယူထားနိုင် ပြီး စပါးအသင်းက ၁ ကြိမ်မှ မရရှိသေးဘူးဆိုပြီး လှောင်ပြောင်မှုလည်း ပြုလုပ်သွားခဲ့ပါတယ်။ 

ဗာဒီဟာ ၂၀၁၂ ခုနှစ်ကတည်းက လက်စတာအသင်းမှာရှိခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလားတို့ကို ရယူနိုင်ခဲ့သလို အသင်း ချန်ပီယံရှစ်ကို တန်းဆင်းသွားချိန်မှာလည်း ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်အောင် ကူညီပေးနိုင်ခဲ့တာပါ။

ဗာဒီဟာ လက်ရှိ အချိန်အထိ လက်စတာအသင်းအတွက် ပွဲပေါင်း ၄၆၅ ပွဲ ပါဝင်ကစားထားပြီး ၁၉၁ ဂိုး သွင်းယူ ထားတာ ဖြစ်ပါတယ်။

Source: Dailymail