CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀

လက်စတာအသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ တိုက်စစ်မှူး ဗာဒီက ကစားသမားဘဝကနေ အနားယူဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောခဲ့ပါတယ်။

ဗာဒီက “နားထောင်ပါ၊ ကျနော်ဟာ အနားယူဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ခြေထောက်တွေက ကောင်းမွန်တယ် လို့ ခံစားနေရပြီး ကျနော့်မှာရှိသင့်တဲ့ ကြံ့ခိုင်မှုလည်း ရှိပါတယ်။ အဲဒါကြောင့် ဘာဖြစ်သွားမလဲဆိုတာ ဆက်ကြည့် တာပေါ့” လို့ အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းကို ဖြေခဲ့တာပါ။

လက်စတာအသင်းက ပရက်စတန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့တဲ့ပွဲမှာ ဗာဒီဟာ အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၃၇ နှစ်အရွယ်ရှိ ဗာဒီဟာ ဒီရာသီ လက်စတာအသင်းအတွက် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၁၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာပါ။ 

ဒါပေမယ့် ဗာဒီနဲ့ လက်စတာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ အမျိုးမျိုး ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဗာဒီကို တွေ့ရစဉ်

အင်္ဂလန်ကစားသမားဟောင်းကတော့ ကစားသမားဘဝက အနားယူဦးမှာ မဟုတ်ဘဲ ဆက်ပြီး ကစားသွားမယ်လို့ ထင်ကြေးတွေကို တုန့်ပြန်ခဲ့တာပါ။ 

ဗာဒီဟာ လက်စတာအသင်းနဲ့ နောက်ထပ် တစ်ရာသီ စာချုပ်သစ်ချုပ်ဆိုပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ လိုက်ပါလာဖွယ် ရှိနေပါတယ်။

ဗာဒီဟာ ၂၀၁၂-၁၃ ရာသီ လက်စတာအသင်း ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရှိကတည်းက ပါဝင်ကစားခဲ့တာဖြစ်ပြီး အခုဆိုရင် အသင်းမှာ ၁၂ ရာသီကြာအထိ ရှိနေခဲ့တာပါ။

ဗာဒီဟာ လက်စတာအသင်းနဲ့အတူ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ၂ ကြိမ်၊ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့မှာ ချန်ပီယံဆု ၁ ကြိမ်စီ ရယူနိုင်ခဲ့ပါတယ်။

ဗာဒီဟာ လက်စတာအသင်းအတွက် ၄၆၃ ပွဲ ပါဝင်ကစားထားပြီး ၁၉၀ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Metro