CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁

လက်စတာအသင်း တိုက်စစ်မှူးဟောင်း ဗာဒီဟာ စီးရီးအေကလပ် ခရီမိုနီဆီအသင်း ကစားသမားသစ်အဖြစ် မိတ်ဆက်တဲ့ အခမ်းအနားမှာ သူ့ရဲ့အသက်အရွယ်နဲ့ ပတ်သက်ပြီး သံသယရှိတဲ့ သူတွေကို မှားယွင်းကြောင်း သက်သေပြသဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောခဲ့ပါတယ်။ 

ဗာဒီက “ခင်ဗျားဟာ သံသယရှိတဲ့ သူတွေထဲက တစ်ဦးဖြစ်မှာပါ။ ဒါက မှားယွင်းတယ်ဆိုတာကို ကျနော် သက်သေပြရမယ့် သူတွေထဲမှာ ခင်ဗျားလည်း တစ်ဦးအနေနဲ့ ပါဝင်ပါတယ်။ နားထောင်ပါ၊ ကျနော့်အတွက်တော့ အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ခုပါပဲ။ ကျနော့်ရဲ့ ခြေထောက်တွေဟာ သူတို့အရင်ကအတိုင်း လုပ်နေသလို ဖြစ်ပြီး လန်းဆန်းနေဆဲ ဖြစ်တာကြောင့် ကျနော်ဆက်သွားမှာပါ။ အခုအချိန်ထိ နှေးကွေးတဲ့ လက္ခဏာမရှိပါဘူး”လို့ သူ့ရဲ့အသက်အရွယ်ပေါ် စိုးရိမ်နေတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။ 

ပြီးခဲ့တဲ့ရာသီအကုန်မှာ လက်စတာအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ဗာဒီဟာ အသင်းအများအပြား နဲ့ သတင်းထွက်ခဲ့ပေမယ့် ကစားသမားဘဝ ပထမဆုံးအကြိမ် အင်္ဂလန်ပြင်ပ ကလပ်ဖြစ်တဲ့ ခရီမိုနီဆီအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၃၈ နှစ်အရွယ်ရှိ ဗာဒီဟာ ခရီမိုနီဆီအသင်းနည်းပြ နီကိုလာနဲ့ အချိန်အကြာကြီး Zoom ပြောဆိုပြီး နောက်မှာ စီးရီးအေကလပ်ထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

 ဗာဒီကို တွေ့ရစဉ် 

ဗာဒီဟာ ခရီမိုနီဆီအသင်းနဲ့ ၁ နှစ် စာချုပ်ချုပ်ခဲ့ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့် ပါဝင်ကာ အသင်းမှာ ကျောနံပါတ် ၁၀ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

ဗာဒီဟာ လက်စတာအသင်းမှာ ၂၀၁၂ ကနေ ၂၀၂၅ ခုနှစ်အထိ ကစားခဲ့ပြီး ပွဲပေါင်း ၅၀၀ ပါဝင် ကစားခဲ့တာမှာ သွင်းဂိုး ၂၀၀ သွင်းယူနိုင်ခဲ့တာပါ။ 

အင်္ဂလန်တိုက်စစ်မှူးဟောင်း လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံရှစ်ဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။ 

ဗာဒီက သူဟာ ခရီမိုနီဆီအသင်းကို ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ဆက်ပြီး ရှိနေနိုင်အောင် သူ့မှာရှိတဲ့အရာတွေ အားလုံးကို ပေးသွားမှာ ဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။ 

ခရီမိုနီဆီအသင်းဟာ ဒီရာသီစီးရီးအေပွဲစဉ် ၂ ပွဲကစားပြီးချိန်မှာ ၂ ပွဲစလုံး နိုင်ပွဲရရှိထားပြီး လာမယ့်ပွဲစဉ်အဖြစ် ဗီရိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဗာဒီဟာ ဒီပွဲစဉ်မှာ ခရီမိုနီဆီအသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။ 

Source: ESPN