CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀

ဘရာဇီးလ်ဂန္ထဝင် ရော်နယ်ဒိုဟာ ငယ်ဘဝကလပ် ခရူဇီယိုအသင်းမှာ သူပိုင်ဆိုင်ထားတဲ့ ရှယ်ယာအများစုကို ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ ဘရာဇီးလ်စီးရီးအေကလပ်က ကြေညာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ကုမ္ပဏီဖြစ်တဲ့ Tara Sports Brazil ကနေ ၂၀၂၁ ခုနှစ်က ဒေါ်လာသန်း ၇၀ နဲ့ ဝယ်ယူခဲ့တဲ့ ရှယ်ယာ ၉၀ ရာခိုင်နှုန်းကို Bpw Sports ကုမ္ပဏီထံ ရောင်းချဖို့ သဘောတူညီခဲ့တာပါ။ 

Bpw Sports ဟာ ဒီအစုရှယ်ယာတွေအတွက် ဘယ်လောက် ပေးချေခဲ့ရလဲဆိုတဲ့ အသေးစိတ်ကို ပြောထားခြင်း မရှိပေမယ့် ထွက်ပေါ်နေတဲ့ သတင်းတွေမှာ ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ 

ရော်နယ်ဒိုဟာ ခရူဇီယိုအသင်း တင်ရှိနေတဲ့ ကြွေးမြီ ဒေါ်လာ ၁၉၅ သန်းကို ရှင်းလင်းသွားအောင် ကူညီပေးခဲ့သလို အသင်းဟာလည်း စီးရီးဘီမှာ ၃ ရာသီကြာပြီးနောက် ၂၀၂၂ ခုနှစ်မှာ ထိပ်တန်းလိဂ်ကို ပြန်ရောက်ရှိလာခဲ့တာပါ။

 ခရူဇီယိုအသင်းကို တွေ့ရစဉ်

ဒါပေမယ့် မကြာသေးခင်က အသင်းရဲ့ ဆိုးရွားနေတဲ့ ရလဒ်တွေကြောင့် ဝေဖန်မှုတွေခံခဲ့ရပြီး ရော်နယ်ဒိုကိုလည်း ထွက်ခွာဖို့ ပရိသတ်အချို့က တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဘရာဇီးလ်အသင်းနဲ့အတူ ၁၉၉၄ နဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ခရူဇီယိုအသင်းရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေမယ်လို့ ကလပ်အသင်းက ပြောထားတာပါ။ 

ရော်နယ်ဒိုဟာ ၁၉၉၃ ခုနှစ် အသက် ၁၆ နှစ်အရွယ်မှာ ခရူဇီယိုအသင်းနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲဦးထွက်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ခရူဇီယိုအသင်းမှာ ၂ ရာသီကြာ ကစားပြီးနောက် PSV၊ ဘာစီလိုနာ၊ အင်တာမီလန်၊ ရီးရယ်လ်နဲ့ အေစီမီလန်အသင်းတွေမှာ ကစားကာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေ ပြသနိုင်ခဲ့တာပါ။

အသက် ၄၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ စပိန်ဒုတိယတန်းကလပ် ဗယ်လာဒိုးလစ် အသင်းမှာလည်း သူပိုင်ဆိုင် ထားတဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရောင်းချဖို့ ရှိနေတယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

Source: CNA