CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂

ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရ ခဲ့ပြီးနောက် ဘွန်ဒက်လီဂါဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာအထိ ရရှိသွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းရဲ့ နိုင်ပွဲကြောင့် ဂျာမနီနိုင်ငံဟာ ယူအီးအက်ဖ်အေရဲ့ အဆင့်သတ်မှတ်ချက် ကိန်းဂဏန်းဇယားမှာ အဆင့် ၂ နေရာ ရပ်တည်ဖို့ သေချာသွားခဲ့တာပါ။ 

ယူအီးအက်ဖ်အေဟာ ဒီရာသီ ဥရောပပြိုင်ပွဲ ၃ ခုမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်တဲ့ ထိပ်တန်းလိဂ် ၂ ခုကို လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ခွင့်အပိုပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို အသင်း ၃၆ သင်း ပါဝင်တဲ့ ပုံစံအသစ်နဲ့ ကျင်းပသွားမှာပါ။

အီတလီနိုင်ငံဟာ ပြီးခဲ့တဲ့လကတည်းက ယူအီးအက်ဖ်အေရဲ့ အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့တာကြောင့် စီးရီးအေဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာကို ရယူခဲ့ပြီးဖြစ်ပါတယ်။ 

ဒေါ့မွန်အသင်းက ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့တဲ့အတွက် ဂျာမနီနိုင်ငံကို အင်္ဂလန်နဲ့ ပြင်သစ်နိုင်ငံတို့က ကျော်ဖြတ်နိုင်တော့မှာ မဟုတ်ပါဘူး။ 

 မန်စီးတီးနဲ့ အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်

ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းအသင်းတို့ဟာ ပြီးခဲ့တဲ့ ဥရောပပြိုင်ပွဲတွေရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ အရေးနိမ့်ခဲ့တာဖြစ်ပြီး အက်စတွန်ဗီလာ တစ်သင်း တည်းသာ ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။

အဲဒါကြောင့် ပရီးမီးယားလိဂ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာအထိ ရယူနိုင်မယ့် မျှော်လင့်ချက်ကို အဆုံးသတ် ခဲ့ရတာ ဖြစ်ပါတယ်။ 

ဒေါ့မွန်အသင်းဟာ လက်ရှိ ဘွန်ဒက်လီဂါ အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာ ရပ်တည်နေတာကြောင့် အပို ဝင်ခွင့် တစ်နေရာကို ရယူနိုင်ခဲ့တာပါ။ 

အီတလီနဲ့ ဂျာမနီတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ခွင့် ၆ နေရာအထိ ရယူနိုင်မယ့် အခြေအနေတွေလည်း ရှိနေသေးပါတယ်။

ဒါကတော့ ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ဘွန်ဒက်လီဂါမှာ ထိပ်ဆုံး ၄ သင်းပြင်ပမှာ ရပ်တည်နိုင်ရင် ဘွန်ဒက်လီဂါဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ၆ နေရာအထိ ရရှိမှာပါ။

ဒါအပြင့် ရိုးမားနဲ့ အတ္တလန်တာအသင်းတို့ထဲက တစ်သင်းဟာ စီးရီးအေမှာ ထိပ်ဆုံး ၄ သင်းပြင်ပရပ်တည်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင် စီးရီးအေကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ၆ နေရာအထိ ရရှိသွားမယ်လို့ သိရပါ တယ်။

Source: ESPN