CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဒေါ့မွန်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် နည်းပြဟန်ဆီဖလစ်က သူ့ရဲ့ကစားသမားတွေကို ဆက်ပြီးအာရုံစိုက်ဖို့ တိုက်တွန်း ခဲ့ပါတယ်။
ဟန်ဆီဖလစ်က “ကျနော်တို့ နောက်တဆင့်ကို မရောက်ရှိသေးပါဘူး။ ဘောလုံးဆိုတာ ရူးသွပ်စရာကောင်းတဲ့ အားကစားဖြစ်တဲ့အတွက် ဘာတွေဖြစ်လာမလဲဆိုတာ ခင်ဗျားတို့ မသိနိုင်ပါဘူး။ နောက်တဆင့် တက်ချင်တယ် ဆိုရင် ဒီပွဲမှာလုပ်ခဲ့သလိုမျိုး အမှားအယွင်းမရှိဘဲ ဒေါ့မွန်မှာ ကျနော်တို့ကစားရမှာပါ။ ကျနော်တို့ ကောင်းမွန်စွာ ကစားပြီး ဂိုးတွေ သွင်းယူနိုင်တဲ့အချိန်မှာ ဒီလိုတွေဖြစ်ခဲ့တာပါ”လို့ Movistar Plus ကို ပြောခဲ့တာပါ။
ဒီပွဲမှာ ဘာစီလိုနာအသင်းအတွက် ဂိုးတွေကို လီဝန်ဒေါစကီးက ၂ ဂိုး၊ ရာဖင်ညာနဲ့ ယာမဲလ်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ နည်းပြ ဟန်ဆီဖလစ် လက်ထက်မှာ အကောင်းဆုံးရလဒ်တွေ ပိုင်ဆိုင်နေပြီး ၂၀၂၅ ခုနှစ်ထဲ ကစားခဲ့တဲ့ပွဲတွေမှာ ရှုံးပွဲမရှိသေးတာပါ။
ဒီပွဲမှာ ဘာစီလိုနာအသင်းအတွက် ၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့တဲ့ ရာဖင်ညာဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၁၉ ဂိုး ရှိလာခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ရာဖင်ညာဟာ ၂၀၁၁-၁၂ ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မက်ဆီတင်ခဲ့တဲ့ ဒီစံချိန်မှတ်တမ်းနဲ့ တူညီသွားခဲ့တာပါ။
ဘာစီလိုနာအသင်းကို တွေ့ရစဉ်
ရာဖင်ညာက သူဟာ ထိပ်တန်း ကစားသမားတွေနဲ့ ကစားရတာကို နှစ်သက်ပြီး ကွင်းထဲမှာ တစ်ဦးနဲ့တစ်ဦး အကြောင်း ကောင်းမွန်စွာသိတာက အရေးပါတယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် ရာဖင်ညာက သူတို့ဟာ ဒီပုံစံအတိုင်း ဆက်သွားပြီး ဆုဖလား အောင်မြင်မှုတွေ ရယူချင်တယ်လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို တက်နိုင်ဖို့ နီးစပ်နေသလို လာလီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံးနဲ့ ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
ဒေါ့မွန်အသင်းနည်းပြ ကိုဗက်က ဒီပွဲမှာ သူတို့အရှုံးနဲ့ ထိုက်တန်ခဲ့ပြီး ကြီးမားတဲ့ ရှုံးနိမ့်မှုကြောင့် နောက်တဆင့် တက်နိုင်မယ့် အခွင့်အရေး နည်းပါးသွားခဲ့ပြီလို့ ဝန်ခံခဲ့တာပါ။
ဒေါ့မွန်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ဧပြီ ၁၆ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: CNA