CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆
ပြင်သစ်အသင်းကို ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းအတွက် ခြေစွမ်း ပြသနိုင်ခဲ့တဲ့ ယာမဲလ်ဟာ Ballon d'Or ကိုရရှိဖို့ ထိုက်တန်တယ်လို့ စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက ပြောခဲ့ပါတယ်။
ဒယ်လာဖွန်တေက “ယာမဲလ်ဟာ ဒီပွဲမှာ ကြေညာထုတ်ပြန်ခဲ့ပြီး Ballon d'Or ကို သူရရှိသင့်တယ်ဆိုတာ ပြသခဲ့ ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ပြီး ကျနော့် အမြင်အရတော့ သူဟာ Ballon d'Or ကိုရရှိဖို့ ထိုက်တန်ပါတယ်”လို့ ပွဲအပြီး RTVE နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ယာမဲလ်ဟာ ဒီပွဲမှာ စပိန်အသင်းအတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။
စပိန်အသင်းဟာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး နောက်ပိုင်း မှာ ချေပဂိုးတွေ ပြန်ပေးခဲ့ရလို့သာ အနိုင်ရလဒ် မပြတ်သားခဲ့တာပါ။
အသက် ၁၇ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဒီပွဲမှာပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် Ballon d'Or ဆု ပြိုင်ဘက်ဖြစ်တဲ့ ဒမ်ဘီလီကို အသာရရှိခဲ့ပြီလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ယာမဲလ်ကို တွေ့ရစဉ်
ယာမဲလ်ဟာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်မတိုင်မီက တစ်နှစ်ပတ်လုံး အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့သူကို Ballon d'Or ဆုပေးသင့်တယ်လို့ ပြောထားတာပါ။
ပြင်သစ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ယာမဲလ်က ကွင်းထဲမှာ စကားပြောရတာက အမြဲတမ်း အကောင်းဆုံး ဖြစ်ပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
စပိန်အသင်းဟာ နေးရှင်းလိဂ် ဗိုလ်လုပွဲအဖြစ် ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြင်သစ်အသင်းကတော့ ဂျာမနီအသင်းနဲ့ တတိယနေရာလုပွဲ ယှဉ်ပြိုင်ရမှာပါ။
ယာမဲလ်က အလွန်ကောင်းမွန်တဲ့ နှစ်သင်းယှဉ်ပြိုင်ရမယ့်ပွဲဖြစ်ပြီး ဆုဖလားကို စပိန်နိုင်ငံထံ ပြန်သယ်ဆောင် သွားမယ်လို့ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ဗိုလ်လုပွဲနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။
ပေါ်တူဂီနဲ့ စပိန်အသင်းရဲ့ နေးရှင်းလိဂ် ဗိုလ်လုပွဲကို ဇွန်လ ၉ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: ESPN