CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၅

အင်္ဂလန်တောင်ပံကစားသမား ဂရီလစ်ရှ်ဟာ နည်းပြဂွာဒီယိုလာက သူ့ကို ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ လူစာရင်းထဲမှာ ထည့်သွင်းဖို့ မရှိတာကြောင့် မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂရီလစ်ရှ်ဟာ မန်စီးတီးအသင်းအတွက် ၇ ပွဲသာ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ရခဲ့ပြီး ကွင်းထဲမှာ ၇၁၅ မိနစ်သာ ရှိခဲ့ရတာပါ။ 

မန်စီးတီးအသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ ဂရီလစ်ရှ်ဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ် ရှိတယ်လို့ နည်းပြဂွာဒီယိုလာ ကိုယ်တိုင် ထုတ်ပြောထားဖူးပါတယ်။ 

The Telegraph က ဂရီလစ်ရှ်ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်နိုင်ငံကို ထွက်ခွာမယ့် မန်စီးတီးအသင်း လူစာရင်းထဲမှာ ပါဝင်ဖွယ်မရှိဘူးလို့ ဖော်ပြထားတာပါ။ 

အဲဒါကြောင့် မန်စီးတီးအသင်းကနေ ဂရီလစ်ရှ် ထွက်ခွာမယ့် ထင်ကြေးတွေဟာ ပိုပြီးများလာခဲ့တာ ဖြစ်ပါတယ်။ 

ဂရီလစ်ရှ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း လူစာရင်းထဲ ပါဝင်ချင်နေတာကြောင့် လာမယ့်ရာသီ မှာ သူ့ကိုပုံမှန်ပွဲကစားခွင့် ပေးနိုင်မယ့် အသင်းကို ရှာဖွေနေတာပါ။ 

 ဂရီလစ်ရှ်ကို တွေ့ရစဉ် 

လက်ရှိအချိန်မှာ ဂရီလစ်ရှ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် ပြည်ပကလပ် အသင်းတွေ ကလည်း စိတ်ဝင်စားမှု ရှိနေပါတယ်။ 

မန်စီးတီးအသင်းဟာ ဂရီလစ်ရှ်အသင်းကနေ ထွက်ခွာပြီး အသင်းသစ် ရှာဖွေနိုင်အောင် ကူညီပေးဖွယ်ရှိနေတာပါ။ 

၂၀၂၁ ခုနှစ်က အက်စတွန်ဗီလာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဂရီလစ်ရှ်ဟာ မန်စီးတီးအသင်းအတွက် ၁၅၇ ပွဲ ပါဝင်ကစားထားပြီး ၁၇ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား ၇ ခု ရရှိထားပါတယ်။ 

မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ပြုလုပ်နေပြီး အေစီမီလန်အသင်း ကွင်းလယ်လူ ရိုင်းဒါးစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားသလို လိုင်ယွန်အသင်းက ချာကီနဲ့ ဝုလ်ဗ်စ်အသင်းက အစ်နူရီတို့ကို ခေါ်ယူနိုင် ဖို့လည်း ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

Source: Goal