CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၇

ယူနိုက်တက်အသင်း နည်းပြ အာမိုရင်နဲ့ မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာတို့က သူတို့ရဲ့အသင်းတွေဟာ လာမယ့်ရာသီမှာ ပိုပြီးကောင်းလာမယ်လို့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ပြောခဲ့ပါတယ်။ 

အာမိုရင်က “အခုအချိန်က နေ့တိုင်း ခက်ခဲနေပေမယ့် လာမယ့်ရာသီမှာ အလွန်ကွာခြား သွားလိမ့်မယ်လို့ စိတ်ကူး ကြည့်နိုင်ပါတယ်။ အပြောင်းအလဲတွေကြောင့် ဒီမှာရှိတဲ့လူတိုင်းဟာ ဒုက္ခတွေကို ခံစားခဲ့ရပြီး လာမယ့်နှစ်မှာ ကျနော်တို့ တစ်ခုခုကို ပြသရမှာပါ။ ကျနော်တို့ဟာ တိုးတက်ရမယ့် အခန်းကဏ္ဍတွေ အများကြီးရှိနေပြီး ကစား သမားတိုင်းလည်း တိုးတက်နိုင်ပါတယ်။ သူတို့ဟာ အရည်အသွေးတွေရှိပြီး အခွင့်အရေးတွေ ပိုပြီးရဖို့ ဂိုးဧရိယာထဲ မှာ အချိန်ပိုပြီးယူရမယ်”လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး ဂိုးမရှိ သရေကျခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာလည်း အကောင်းဆုံးပုံစံတွေ ပြသနိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဒီနှစ်သင်းရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေလည်း ရှိနေကြတာပါ။ 

 မန်စီးတီးနဲ့ယူနိုက်တက်ယှဉ်ပြိုင်နေစဉ်

မန်စီးတီးအသင်းဟာ ဒီပွဲရလဒ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ယူနိုက်တက်အသင်းက အဆင့် ၁၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ စပို့တင်းလစ္စဘွန်းအသင်းကို ကိုင်တွယ်ခဲ့ချိန် အပါအဝင် ဒီရာသီမှာ ဂွာဒီယိုလာနဲ့ ထိပ်တိုက်တွေ့ဆုံမှု ၃ ကြိမ် အထိရှိခဲ့ပြီး ၂ ကြိမ်အထိ အနိုင်ရယူနိုင်ခဲ့တာပါ။ 

ယူနိုက်တက်အသင်း နည်းပြအာမိုရင်က လာမယ့်ရာသီ မန်ချက်စတာဒါဘီပွဲစဉ်ဟာ ဒီပွဲစဉ်နဲ့ အလွန်ခြားနား လိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။ 

မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက သူ့ရဲ့အသင်းကို ပြန်လည် တည်ဆောက်နေပြီး လာမယ့်ရာသီမှာ မတူညီတဲ့အသင်းကို မြင်တွေ့ရမယ်လို့ ပြောခဲ့တာပါ။

ဂွာဒီယိုလာက “ကျနော်တို့ဟာ အချိန်ယူရမှာဖြစ်ပြီး အခုအချိန်မှာ လာမယ့်ရာသီအတွက် ကျနော်စိုးရိမ်ပူပန်မှု မရှိပါဘူး။ အိုးထရက်ဖို့ဒ်က အမြဲတမ်းခက်ခဲပါတယ်။ ကျနော်တို့ တိုက်ပွဲဝင်ခဲ့ကြပြီး ကစားသမားတွေကလည်း အရာအားလုံးပေးခဲ့ကြပါတယ်။ ကျနော်တို့ဒီပွဲမှာ အမှတ်ရယူခဲ့ပြီး ရှေ့ဆက်သွားရမှာပါ”လို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ လာမယ့် ကြားရက်ထဲမှာ လိုင်ယွန်အသင်းနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Dailymail