CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၅

ဂျာမနီအသင်းနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဝါရင့်နောက်ခံလူ ဟမ်းမဲလ်ဟာ ဒီရာသီအကုန်မှာ ဘောလုံးလောက,ကနေ အနားယူမယ်လို့ အတည်ပြုခဲ့ပါတယ်။ 

ရိုးမားအသင်းမှာ ကစားနေတဲ့ ဟမ်းမဲလ်က ဒီရာသီဟာ သူ့ရဲ့နောက်ဆုံး ရာသီဖြစ်ပြီး သူ့ရဲ့ထင်ရှားကျော်ကြားခဲ့တဲ့ ကစားသမားဘဝကို ကန့်လန့်ကာချ အဆုံးသတ်တော့မယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်း အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ဟမ်းမဲလ်ဟာ ၂၀၀၈ ခုနှစ်မှာ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ဟမ်းမဲလ်ဟာ ဒေါ့မွန်အသင်းမှာ ၂၀၁၆ ခုနှစ်အထိ ကစားပြီးနောက် ဘိုင်ယန်မြူးနစ် အသင်းထံ ပြန်လည်ပြောင်းရွှေ့ကာ ၂၀၁၉ ခုနှစ်အထိ ကစားခဲ့တာပါ။ 

ဟမ်းမဲလ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာပြီးနောက် ဒေါ့မွန်အသင်းထံ ပြန်ပြောင်းရွှေ့ကာ ပြီးခဲ့တဲ့ ရာသီကုန်အထိ ကစားခဲ့တာ ဖြစ်ပါတယ်။

ဟမ်းမဲလ်ကို တွေ့ရစဉ်

ဂျာမနီအသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဟမ်းမဲလ်ဟာ ရိုးမားအသင်းအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူကာ ရာသီကုန်ချိန်မှာ ကစားသမားဘဝကနေ အနားယူတော့မှာပါ။ 

ဟမ်းမဲလ်က “ကျနော်ဟာ အခုအချိန်မှာ စိတ်ခံစားမှုတွေနဲ့ ရုန်းကန်နေရပါတယ်။ အခုက ဘယ်ဘောလုံးသမားမှ ရှောင်လွှဲလို့မရတဲ့ အခိုက်အတန့်ကို ရောက်ရှိလာပါပြီ။ ဘောလုံးက ကျနော့်ကိုပေးခဲ့တဲ့ အရာတွေအများကြီးနဲ့ ၁၈ နှစ်ကျော်ကြာ ကစားပြီးနောက် နွေရာသီမှာ ကျနော့်ရဲ့ ကစားသမားဘဝကို အဆုံးသတ်တော့မှာပါ”လို့ ရေးသားခဲ့ပါတယ်။

ဟမ်းမဲလ်ဟာ ကစားသမားဘဝမှာ ဒေါ့မွန်အသင်းနဲ့ ဘွန်ဒက်လီဂါဖလား၊ ပိုကယ်ဖလား၊ ဂျာမန်စူပါဖလားတို့ကို ၂ ကြိမ်စီ ရယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒက်လီဂါဖလား ၃ ကြိမ်၊ ပိုကယ်ဖလား ၁ ကြိမ်၊ ဂျာမန်စူပါ ဖလား ၃ ကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

Source: Goal