CNI Street Food

၂၀၂၅ ခုနှစ်၊ ဧပြီ ၇

ဆောက်သမ်တန်အသင်းဟာ စပါးအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ အစောဆုံးတန်းဆင်းတဲ့အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ 

ဆောက်သမ်တန်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့ ၇ ပွဲကျန်ရှိနေသေးတဲ့အချိန်မှာ အဆင့် ၁၇ နေရာက ဝုလ်ဗ်စ်အသင်းနဲ့ ၂၂ မှတ်ကွာဟနေခဲ့တာပါ။ 

အဲဒါကြောင့် ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ် ပွဲကစားဖို့ ၇ ပွဲကျန်ရှိနေချိန်မှာ တန်းဆင်းတဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်ဆိုးတင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ အစောဆုံးတန်းဆင်းတဲ့အသင်းအဖြစ် အစ်စဝှစ်ချ်နဲ့ ဒါဘီအသင်းတို့ဟာ အရင်က စံချိန်တင်ခဲ့ကြတာပါ။ 

သူတို့တွေဟာ လက်ကျန်ပွဲကစားဖို့ ၆ ပွဲကျန်ရှိချိန်မှာ တန်းဆင်းခဲ့ကြတာဖြစ်ပါတယ်။ 

 

အခုအချိန်မှာ ဆောက်သမ်တန်အသင်းက ဒီအသင်းတွေရဲ့စံချိန်ကိုချိုးဖျက်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ အစောဆုံးတန်းဆင်းတဲ့အသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။ 

ဆောက်သမ်တန်အသင်းဟာ ဒီရာသီ ပရီးမီး ယားလိဂ်ပွဲစဉ် ၃၁ ပွဲကစားအပြီးမှာ ၂ ပွဲနိုင်၊ ၄ ပွဲသရေနဲ့ ၂၅ ပွဲရှုံးနိမ့်ထားပြီး ရမှတ် ၁၀ မှတ်သာ ရရှိသေးတာ ဖြစ်ပါတယ်။ 

ဆောက်သမ်တန်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ အဆိုးရွားဆုံး တန်းဆင်းတဲ့ အသင်း မဖြစ်ဖို့ လက်ကျန်ပွဲတွေမှာ ရမှတ်ရယူနိုင်ဖို့ လိုအပ်နေတာပါ။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တန်းဆင်းခဲ့တဲ့ အသင်းတွေထဲမှာ ၂၀၀၇-၀၈ ရာသီက တန်းဆင်းခဲ့တဲ့ ဒါဘီအသင်းက အဆိုးရွားဆုံးအသင်းအဖြစ် စံချိန်တင်ထားပြီး ရမှတ် ၁၀ မှတ်နဲ့ တန်းဆင်းခဲ့တာဖြစ်ပါတယ်။ 

အဲဒါကြောင့် ဆောက်သမ်တန်အသင်းအနေနဲ့ ဒါဘီအသင်းဆီကနေ ဒီမှတ်တမ်းဆိုးကို မရယူနိုင်ဖို့ လက်ကျန်ပွဲ တွေမှာ အနိမ့်ဆုံးရမှတ် ၁ မှတ်ထပ်ပိုပြီး ရယူနိုင်ဖို့ လိုအပ်နေတာပါ။ 

ဆောက်သမ်တန်အသင်းဂိုးသမား ရမ်စဒေးလ်က ဘယ်သူကမှ ဒီစံချိန်ဆိုးကို မလိုချင်တဲ့အတွက် လက်ကျန်ပွဲတွေမှာ ရမှတ်တွေရယူနိုင်သလောက် ရယူသွားမယ်လို့ ပြောခဲ့ပါတယ်။ 

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကနေ ဆောက်သမ်တန်အသင်းနဲ့အတူ လက်စတာ၊အစ်စဝှစ်ချ်အသင်းတို့လည်း ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းပြန်ဆင်းရဖို့နီးစပ်နေတာဖြစ်ပါတယ်။ 

Source:ESPN