CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄

လက်စတာအသင်းဟာ ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရ ခဲ့ပြီးနောက် လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

လက်စတာအသင်းဟာ ဒီနိုင်ပွဲကြောင့် ကစားဖို့ကျန်ရှိနေတဲ့ ချန်ပီယံရှစ်ပွဲစဉ် ၂ ပွဲထဲက ၁ ပွဲအနိုင်ရတာနဲ့ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်နိုင်မှာဖြစ်သလို အဆင့် ၂ နေရာက လိဒ်စ်အသင်းက လာမယ့်ပွဲစဉ်မှာ ကျူပီအာအသင်းကို အရေးနိမ့်ခဲ့ရင် တန်းတက်ဖို့သေချာသွားမှာပါ။

 ပြီးခဲ့တဲ့ရာသီက တန်းဆင်းခဲ့ရတဲ့ လက်စတာ အသင်းဟာ ဒီရာသီအစောပိုင်းမှာ ရလဒ်ကောင်းတွေဆက်တိုက်ရရှိပြီး ရမှတ်တွေဖြတ်ထားနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ခြေချော်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ကို စောစီးစွာတန်းမတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်စတာအသင်းနည်းပြ မာရက်စကာက သူတို့ရဲ့ အလုပ်ကို ပြီးဆုံးအောင်လုပ်ဖို့အတွက် လာမယ့်ပွဲစဉ်ကို အနိုင်ရဖို့ ကြိုးစားသွားမယ်လို့ ပွဲအပြီး ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

မာရက်စကာက “ကျနော်တို့ဟာ ၁ ပွဲအနိုင်ရတာနဲ့ အလုပ်ပြီးဆုံးတော့မှာဖြစ်ပြီး ဒါကို လာမယ့်ပရက်စတန် အသင်းနဲ့ပွဲမှာ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ လူအများစုက ရလဒ်ကိုပဲ အကဲဖြတ်ကြတာပါ။ ဒီပွဲမှာ ကျနော် တို့ရဲ့ စွမ်းဆောင်ရည်ကောင်းတယ်လို့ထင်ပေမယ့် ဒါက ဒီရာသီအကောင်းဆုံး စွမ်းဆောင်ရည်မဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။

ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်နိုင်ဖို့အတွက် လက်စတာ၊လိဒ်စ်နဲ့ အစ်စဝှစ်အသင်းတို့ အပြိုင်ကြိုးစားနေပြီး ဆောက်သမ်တန်၊နော်ဝစ်ချ်နဲ့ ဝက်စ်ဘရွန်းအသင်းတို့ကတော့ ပလေးအောဖ့်ကနေ တန်းတက်ခွင့်ရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Source:BBC