CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၈
လက်စတာအသင်းဟာ သွင်းဂိုးမသွင်းယူနိုင်ဘဲ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၈ ပွဲဆက်တိုက်စံချိန်တင်ရှုံးနိမ့်တဲ့ ပထမဆုံးပရီးမီးယားလိဂ်အသင်း ဖြစ်လာခဲ့ပါတယ်။
လက်စတာအသင်းဟာ အိမ်ကွင်းမှာ နယူးကာဆယ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် ဒီ စံချိန်ဆိုးကို ရရှိသွားခဲ့တာပါ။
လက်စတာအသင်းဟာ နည်းပြနစ္စတယ်ရွိုုင်းလက်ထက်မှာ ရလဒ်တွေ အလွန်ဆိုးရွားနေပြီး ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၉ နေရာမှာ ရပ်တည်နေကာ အဆင့် ၁၇ နေရာက ဝုလ်ဗ်စ်အသင်းနဲ့ ၁၅ မှတ်ကွာဟနေတာဖြစ်ပါတယ်။
လက်စတာအသင်းဟာ ၁၉၇၆-၇၇ ရာသီက ဆန်းဒါးလန်း အသင်းပြီးနောက် ထိပ်တန်းလိဂ်မှာ သွင်းဂိုးမသွင်းနိုင်ဘဲ ၈ ပွဲဆက်တိုက်အရေးနိမ့်တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ခဲ့တာပါ။
နစ္စတယ်ရွိုင်းက “အကောင်းဆုံးရည်ရွယ်ချက်တွေနဲ့ စတင်ခဲ့ပေမယ့် နောက်ထပ်တစ်ပွဲရှုံးနိမ့်ခဲ့ပါတယ်။ အလွန်စိတ်ပျက်စရာနဲ့ စိုးရိမ်စရာပါပဲ။ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပြီး ကျနော်တို့သွားနေတဲ့ပုံစံကို ကျနော်တို့ အားလုံးသိပါတယ်။ ဒါက အလွန်ခက်ခဲပါတယ်။ အခက်အခဲဆုံးအရာက ကျနော်တို့ဟာ ဒီနေရာမှာပဲ အချိန် အကြာကြီးရှိနေပြီး ကောင်းမွန်တဲ့ရလဒ်တွေမရှိခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။
လက်စတာအသင်းဟာ လာမယ့်ပွဲစဉ် ၂ ပွဲကိုအရေးနိမ့်ပြီး ဝုလ်ဗ်စ်အသင်းက ပွဲစဉ် ၂ ပွဲကိုအနိုင်ရခဲ့ရင် ချန်ပီယံ ရှစ်ပြိုင်ပွဲထံ တန်းပြန်ဆင်းဖို့ သေချာသွားပြီဖြစ်တာပါ။
လက်စတာအသင်းဟာ ရာသီအစပိုင်းမှာ ရလဒ်ဆိုး တွေကြောင့် နည်းပြစတိဗ်ကူးပါးကို ထုတ်ပယ်ပြီး ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ်ကိုင်တွယ်ခဲ့တဲ့ နစ္စတယ်ရွိုင်းကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။
လက်စတာအသင်းဟာ နစ္စတယ်ရွိုင်းကိုင်တွယ်တဲ့ အစောပွဲတွေမှာ ရလဒ်ကောင်းခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေဆိုးခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်နောက်ပိုင်း နိုင်ပွဲရော၊သွင်းဂိုးပါ မရရှိတော့တာပါ။
လက်စတာအသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းအိမ်ကွင်းသွားရောက် ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source: ESPN