CNI Sport News

 ၂၀၂၅ ခုနှစ်၊ ဧပြီ ၈

အန်ဆုဖာတီဟာ နည်းပြဟန်ဆီဖလစ်လက်ထက်မှာ ပွဲကစားချိန်မိနစ်တွေမရရှိတဲ့အပေါ် စိတ်ပျက်နေပြီး အသင်းကနေထွက်ခွာချင်နေတယ်လို့ စပိန်မီဒီယာတွေကဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်အသင်းမှာ အငှားကစားပြီးနောက် ဘာစီလိုနာအသင်းထံ ပြန်ရောက်ရှိလာခဲ့တဲ့ အန်ဆုဖာတီဟာ အသင်းမှာပွဲကစားခွင့်ရရှိဖို့ ရုန်းကန်နေရတာပါ။ 

အဲဒါကြောင့် အန်ဆုဖာတီဟာ သူ့ရဲ့စိတ်ပျက်မှု တွေကို ရှင်းရှင်းလင်းလင်းပြသထားပြီး ပုံမှန်ပွဲကစားချိန်ရရှိဖို့အတွက် ဘာစီလိုနာအသင်းကနေ ထွက်ခွာချင် နေတာဖြစ်ပါတယ်။ 

အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းမှာ ကစားခွင့်ရဖို့ မျှော်လင့်ချက်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကမ်းလှမ်းမှုအများအပြားကို ပယ်ချခဲ့တာပါ။ 

ဒါပေမယ့် လက်ရှိအခြေအနေတွေက အန်ဆုဖာတီကို အလွန်စိတ်ပျက်စေခဲ့တယ်လို့ Mundo Deportivo က ဖော်ပြထားပါတယ်။ 

အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းမှာ နည်းပြဟန်ဆီဖလစ်ရဲ့အသုံးပြုခြင်းကို မခံရတာ ကြောင့် သူ့ရဲ့အနာဂတ်ကို နွေရာသီမှာ အဖြေရှာဖို့သေချာနေတာပါ။ 

စပိန်ကစားသမားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ကတည်းက လာလီဂါမှာ ပါဝင်ကစားခွင့် မရရှိတော့သလို ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၈ ပွဲသာ ပါဝင်ကစားထားရပါတယ်။

ပေါ်တို၊ဒေါ့မွန်နဲ့ အေဂျက်ဇ်အသင်းတို့ဟာ ဇန်နဝါရီအပြောင်းအရွှေ့က အန်ဆုဖာတီကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကလပ်အသင်းအချို့နဲ့အတူ ကမ်းလှမ်းမှုတွေ ပြန်ပြီးပြုလုပ်လာနိုင်တာပါ။ 

အန်ဆုဖာတီဟာ သူ့ရဲ့ကစားသမားဘဝလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ အတွက် ကမ်းလှမ်းလာတဲ့အသင်းတွေထဲက ပုံမှန်ကစားခွင့်ပေးနိုင်မယ့် အသင်းကို ရွေးချယ်ဖို့ အခွင့်အရေး ရှိနေပါတယ်။

မက်ဆီထွက်ခွာပြီးနောက် သူ့ရဲ့ကျောနံပတ် ၁၀ ကို ဆက်ခံခွင့်ရခဲ့တဲ့ အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၁၂၀ ပါဝင်ကစားထားပြီး ၂၉ ဂိုးသွင်းယူကာ လာလီဂါနဲ့ စပိန်စူပါဖလားတို့ကို ၁ ကြိမ်စီရယူထားတာ ဖြစ်ပါတယ်။ 

Source:Goal