CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၈

အင်တာမိုင်ယာမီအသင်းဟာ အသင်းခေါင်းဆောင် မက်ဆီနဲ့ တွဲဖက်ကစားစေဖို့အတွက် မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

ဒီဘရိုင်းဟာ ဒီရာသီအကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာမယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ကြေညာခဲ့ တာပါ။ 

အခုအချိန်မှာ အင်တာမိုင်ယာမီအသင်းဟာ ဒီဘရိုင်းကို ခေါ်ယူနိုင်မယ့် အလားအလာကို ရှာဖွေနေပြီး မေဂျာလိဂ် ကလပ်ဟာ ဒီမာရီယာကိုလည်း အလားအလာရှိတဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် နှစ်ဦးစလုံးကိုတော့ ခေါ်ယူနိုင်ဖို့မရှိတာ ဖြစ်ပါတယ်။ 

ဘင်ဖီကာအသင်းမှာ ကစားနေတဲ့ ဒီမာရီယာဟာ မက်ဆီနဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းဖော်တွေဖြစ်ခဲ့ပြီး အလွန်ရင်နှီးတဲ့ ဆက်ဆံရေးရှိတာပါ။ 

ဒီဘရိုင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ်ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ ၁၀ ရာသီမြောက်အဖြစ် မန်စီးတီးအသင်းမှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီဘရိုင်းဟာ ရာသီအကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာမှာဖြစ်ပြီး နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ မသေချာသေးတာပါ။ 

 ဒီဘရိုင်းကို တွေ့ရစဉ်

မေဂျာလိဂ်ဟာ ဒုတိယရာသီဝက် မတိုင်ခင် ဇူလိုင်မှာ အပြောင်းအရွှေ့ ကာလတစ်ခု ရှိနေတာကြောင့် အင်တာမိုင်ယာမီအသင်းက ဒီဘရိုင်းကို ခေါ်ယူနိုင်ဖို့ လှုပ်ရှားလာဖွယ် ရှိနေပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ ၆ ပွဲ ကစားထားပြီး ၄ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ရှုံးပွဲ မရှိသေးတာပါ။

အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက Supporters' Shield ဖလား ရရှိထားတာကြောင့် ဖီဖာအကြီးအကဲ အင်ဖန်တီနိုက သူတို့ကို ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အယ်လ်အာလီ၊ ပေါ်တို၊ ပါလ်မီးရက်စ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။ 

အင်တာမိုင်ယာမီအသင်းဟာ လာမယ့် မေဂျာလိဂ်ပွဲစဉ်အဖြစ် ချီကာဂိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Dailymail