CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၈
ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ ဒီရာသီကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာမယ့် ကွင်းလယ်လူ ဒီဘရိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီဘရိုင်းဟာ ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ် ကမ်းလှမ်းမှု မရရှိတာကြောင့် ထွက်ခွာမယ်လို့ ကြေညာထားတာပါ။
ဒီမာဇီယိုက လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ ဒီဘရိုင်းရဲ့ လက်မှတ်ကို ရယူနိုင်ဖို့ ကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။
ဒီဘရိုင်းဟာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့ရင် လာမယ့်ရာသီမှာ အသင်းဟောင်း မန်စီးတီးအသင်းနဲ့ ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရမှာပါ။
ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ ဝုလ်ဗ်စ်အသင်းနဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးသွင်းယူပြီးနောက် သူဟာ ပရီးမီးယားလိဂ်မှာ ကစားနိုင်သေးကြောင်း ပြထားတယ်လို့ ပြောခဲ့ပါတယ်။
ဒီဘရိုင်းကို ခေါ်ယူဖို့ နာပိုလီအသင်းကလည်း ကြိုးစားနေတာပါ။
နာပိုလီအသင်းမှာ ဒီဘရိုင်းရဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းဖော် လူကာကူ ကစားနေပြီး သူတို့နှစ်ဦးဟာ နိုင်ငံတကာအဆင့်မှာ ရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်ထားပါတယ်။
ဒီဘရိုင်းကို တွေ့ရစဉ်
အဲဒါကြောင့် နာပိုလီအသင်းဟာ ဒီအချက်နဲ့ ဒီဘရိုင်းကို အသင်းထံ လာရောက်နိုင်အောင် ဆွဲဆောင်နိုင်ဖို့ မျှော်လင့်နေတာပါ။
လီဗာပူးလ်အသင်းဟာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ ဗန်ဒိုက်တို့ကို စာချုပ်သက်တမ်း တိုးထားပြီး အသင်းကို အတွေ့အကြုံရင့် ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ပေါင်းစပ်ဖွဲ့စည်းနေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီမှာ အသင်းကို ပြည်တွင်းနဲ့ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့ မျှော်မှန်း နေတာကြောင့် အသင်းရဲ့လူစာရင်းကို ပိုပြီးအားကောင်းစေဖို့ ဒီဘရိုင်းကို ခေါ်ယူချင်နေတာပါ။
ဒီဘရိုင်းဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းအတွက်သာ အာရုံစိုက်နေပြီး ရာသီကုန်ရင် သူကစားမယ့် အသင်းသစ်ကို ရွေးချယ်ဆုံးဖြတ်ဖို့ရှိနေပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ဒီဘရိုင်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားထားပြီး ၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Goal