CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၈

အာဆင်နယ်အသင်းနည်းပြ အာတီတာက လက်ရှိချန်ပီယံ ရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် မတိုင်ခင်မှာ သူတို့အနိုင်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

အာတီတာက “ဒါက ကျနော့်အတွက် ၁၀၀ ရာခိုင်နှုန်း အကြီးမားဆုံးညပါ။ အဲဒါကြောင့်လည်း ကျနော်ဟာ ဘောလုံး လောကထဲကို ရောက်နေတာပါ။ ဒီလိုပွဲမျိုးဟာ ကျနော်တို့ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းကို တည်ဆောက်နိုင်ဖို့ အခွင့်အရေး ဖြစ်ပါတယ်။ ဒါက ကျနော်တို့ လိုချင်တဲ့ အဆင့်ဖြစ်ပြီး အာဆင်နယ်က တသမတ်တည်းရှိဖို့ လိုပါ တယ်။ ကျနော်တို့ သူတို့ကို အနိုင်ယူဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာ အလွန်ယုံကြည်မှုရှိပါတယ်”လို့ ပြောခဲ့တာပါ။ 

အာဆင်နယ်နဲ့ ရီးရယ်လ်အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်တိုက် တွေ့ဆုံမှုအဖြစ် ၂၀၀၅-၀၆ ရာသီက ၁၆ သင်းအဆင့်မှာ တွေ့ဆုံမှုသာရှိခဲ့ပါတယ်။ 

ဒီပွဲမှာ အာဆင်နယ်အသင်းဟာ ရီးရယ်လ်အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ကွာတား ဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းကိုတွေ့ရစဉ်

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ၁၁ မှတ် ကွာဟနေ တာကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ မကြာသေးခင်ကမှ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ဆာကာကို ဒီပွဲမှာ အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ အသုံးပြုလာဖို့ ရှိနေတာပါ။

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ပထမကျော့မှာ ယှဉ်ပြိုင်ရမယ့် မိနစ် ၉၀ ဟာ အရေးကြီးပေမယ့် ဒုတိယအကျော့ ကစားဖို့ရှိသေးတဲ့အတွက် ဒီပွဲဟာ အဆုံးအဖြတ် မဟုတ်ဘူးလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန် မှာ ပြောခဲ့ပါတယ်။ 

အာဆင်နယ်နဲ့ ရီးရယ်လ်အသင်းတို့ဟာ ပြီးခဲ့တဲ့ လိဂ်ပွဲတွေမှာ နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် ဒီပွဲမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ 

အာဆင်နယ်နဲ့ ရီးရယ်လ်အသင်းတို့ရဲ့ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ဧပြီ ၉ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: besoccer