CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂

ဝုလ်ဗ်စ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် အဖိုးတန် အနိုင်ဂိုးသွင်း ယူပေးခဲ့ပြီး ပထမဆုံးလိဂ်သွင်းဂိုးရယူနိုင်ခဲ့တဲ့ ကိုဘီမိုင်နူးက သူ့ရဲ့အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာပြီလို့ ပြောလိုက်ပါတယ်။

ကိုဘီမိုင်နူးက “ကျနော့်ရဲ့ အိပ်မက်တစ်ခုအမှန်တကယ်ဖြစ်လာပါပြီ။ ဝုလ်ဗ်စ်အသင်းရဲ့ အိမ်ကွင်းက လာရောက် ကစားဖို့ ခက်ခဲတဲ့နေရာဖြစ်ပေမယ့် ကျနော်တို့ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ရိုးရိုးသားသားပြောရရင် အိပ်မက်မက် နေတုန်းပဲလို့ ခံစားရပါတယ်။ ကျနော့်ရဲ့ ငယ်ဘဝကလပ်အတွက် ပရီးမီးယားလိဂ်မှာ စတင်ကစားနေရတာက မယုံနိုင်လောက်အောင်ပါပဲ။ လာမယ့်ပွဲတွေကိုလည်း အနိုင်ယူဖို့ ကြိုးစားသွားမှာပါ”လို့ TNT Sports ကို ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းက ဝုလ်ဗ်စ်အသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ကွင်းလယ်လူ ကိုဘီမိုင်နူးဟာ ပွဲချိန် ၉၇ မိနစ်မှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဝုလ်ဗ်စ်အသင်းကို ဦးဆောင်ဂိုးတွေသွင်းယူနိုင်ခဲ့ပေမယ့် ချေပဂိုးတွေပြန်ပေးခဲ့ရတာကြောင့် သရေနဲ့ ပွဲပြီးဆုံးသွား နိုင်တဲ့အချိန်မှာ ကိုဘီမိုင်နူးက အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။ အသက် ၁၈ နှစ်အရွယ်ရှိ ကိုဘီမိုင်နူးဟာ ဒီရာသီ မှာ ယူနိုက်တက်အသင်းအတွက် ၁၅ ပွဲပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူထားပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်နဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်တို့က ကိုဘီမိုင်နူးရဲ့ စွမ်းဆောင်ရည်တွေကို ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။ ဝုလ်ဗ်စ်အသင်းနဲ့ ပွဲမှာ ယူနိုက်တက်အသင်းအတွက် ဂိုးတွေကို ကိုဘီမိုင်နူးအပြင် ရက်ရှ်ဖိုဒ့်၊ဟော့ဂျ်လန်းနဲ့ တော်မီနေးတို့က သွင်းယူခဲ့တာဖြစ်ပြီး ဝုလ်ဗ်စ်အသင်းအတွက် ချေပဂိုး တွေကိုတော့ ဆာရာဘီယာ၊ကေးလ်မန်းနဲ့ နီတိုတို့က သွင်းယူခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၇ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၈ မှတ် ကွာဟနေပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal