CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂

ယူနိုက်တက် ကစားသမားဟောင်း လင်ဂတ်ဟာ FC ဆိုးလ်အသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုဖို့ နှုတ်နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် တောင်ကိုရီးယားကလပ်ထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်က နော်တင်ဟမ်ဖောရက်စ် အသင်းကနေ ထွက်ခွာပြီးကတည်းက အခုထိ အသင်းလက်မဲ့ ဖြစ်နေတာပါ။

လင်ဂတ်ဟာ ပြီးခဲ့တဲ့နွေရာသီက အသင်းဟောင်း ဝက်စ်ဟမ်းနဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ် အသင်းတွေမှာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက် ကစားသမားဟောင်းဟာ မကြာသေးခင်က မေဂျာလိဂ်ကလပ် ပေါ့တ်လန်းတင်ဘာအသင်းထံ ပြောင်းဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ခဲ့သေးတာပါ။

Sky Sports က လင်ဂတ်ဟာ FC ဆိုးလ်အသင်းနဲ့ နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့် အပါအဝင် ၂ နှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တာလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

လင်ဂတ်ကို တွေ့ရစဉ်

လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီက နော်တင်ဟမ်ဖောရက်စ် အသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင် ကစားခဲ့ပြီး ၂ ဂိုး သွင်းယူ နိုင်ခဲ့ကာ အသင်းက သူ့ကို စာချုပ်ထပ်ပြီး သက်တမ်းမတိုးတာကြောင့် ထွက်ခွာခဲ့ရတာပါ။ 

ယူနိုက်တက် အကယ်ဒမီထွက် လင်ဂတ်ဟာ မန်ချက်စတာကလပ်အတွက် ပွဲပေါင်း ၂၃၂ ပွဲ ကစားခဲ့ပြီး ယူရိုပါလိဂ်၊ FA ဖလားနဲ့ ကာရာဘောင်းဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာ ၂၀၂၁ ခုနှစ်က အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ၁၆ ပွဲ ပါဝင်ကစားကာ ၉ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ 

လင်ဂတ်ဟာ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ၃၂ ပွဲ ကစားခဲ့ပြီး ၆ ဂိုးသွင်းယူကာ ၂၀၂၁ ခုနှစ်က နောက်ဆုံး ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ 

ကေလိဂ်ကလပ် FC ဆိုးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ၁၂ သင်းရှိတဲ့ လိဂ်ပြိုင်ပွဲမှာ အဆင့် ၇ နေရာနဲ့ ရာသီ အဆုံးသတ်နိုင်ခဲ့တာပါ။

၂၀၂၄ ခုနှစ်ရာသီသစ် ကေလိဂ် ပြိုင်ပွဲကို မတ်လကနေ နိုဝင်ဘာလအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

Source: Daily Mail