CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂
ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ နာမည်ကြီး ကားမောင်းသမား ဟာမီလ်တန်ဟာ ၂၀၂၄ ခုနှစ် ရာသီအကုန်မှာ မာစီဒီးစ် အသင်းကနေ ထွက်ခွာပြီး ၂၀၂၅ ခုနှစ်မှာ နှစ်ရှည်စာချုပ်နဲ့ ဖာရာရီအသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ ဟာမီလ်တန်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ မာစီဒီးစ်အသင်းနဲ့ ၂ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။
ဒါပေမယ့် ၁ နှစ်အကြာမှာ အသင်းကနေ ထွက်ခွာနိုင်တယ်ဆိုတဲ့ အချက်ကို ဟာမီလ်တန်က အသက်သွင်းဖို့ ရွေးချယ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
၂၀၁၃ ခုနှစ်ကတည်းက မာစီဒီးစ်အသင်းမှာရှိခဲ့တဲ့ ဗြိတိန်ကားမောင်းသမား ဟာမီလ်တန်က ၁၁ နှစ်တာ ကာလ အတွင်း အသင်းနဲ့အတူ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် အလွန်ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။
ဟာမီလ်တန်က “ကျနော် အသက် ၁၃ နှစ်ကတည်းက မာစီဒီးစ်ဟာ ကျနော့်ဘဝရဲ့ အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။ ဒီနေရာဟာ ကျနော်ကြီးပြင်းလာခဲ့တဲ့နေရာပါ။ အဲဒါကြောင့် ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချရတာဟာ ကျနော်အတွက် အခက်အခဲ ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပြုလုပ်ခဲ့တာက ကျနော့်အတွက် မှန်ကန်ခဲ့ ပြီး စိန်ခေါ်မှုအသစ်တစ်ခုအတွက် စိတ်လှုပ်ရှားမိပါတယ်”လို့ ပြောခဲ့တာပါ။
ဟာမီလ်တန်ကို တွေ့ရစဉ်
ဟာမီလ်တန်ရဲ့ ဖာရာရီအသင်းထံ ပြောင်းရွှေ့မှုဟာ ဖော်မြူလာဝမ်းသမိုင်းမှာ အကြီးမားဆုံး အပြောင်းအရွှေ့ တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
ဟာမီလ်တန်ဟာ ၂၀၂၅ ခုနှစ်မှာ ချာလက်စ်နဲ့အတူ တွဲဖက်ပြီး ဖာရာရီအသင်းအတွက် ပြိုင်ပွဲတွေကို ယှဉ်ပြိုင်သွား ဖို့ ရှိနေတာပါ။
ဗြိတိန်ကားမောင်းသမားဟာ ၂၀၁၃ ခုနှစ်က မက္ကလာရင်အသင်းကနေ မာစီဒီးစ်အသင်းထံ ပြောင်းရွှေ့လာခဲ့ တာဖြစ်ပြီး သူရရှိထားတဲ့ ကမ္ဘာ့ချန်ပီယံဆု ၇ ကြိမ်ထဲက ၆ ကြိမ်ကို ဒီအသင်းနဲ့အတူ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဟာမီလ်တန်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ဖော်မြူလာဝမ်းပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်နိုင်ခဲ့တာပါ။ ၂၀၂၄ ခုနှစ် ဖော်မြူလာဝမ်းပြိုင်ပွဲကို မတ်လ ၂ ရက် ဘာရိန်းဂရမ်းပရီနဲ့ စတင်ကျင်းပသွားမယ်လို့ သိရပါတယ်။
Source: BBC