CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၁၇

ရှာကာဟာ အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးရတော့မှာဖြစ်လို့ အသင်းဖော်တွေကို ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။

ရှာကာဟာ အာဆင်နယ်အသင်းအနေနဲ့ နယူးကာဆယ်ပွဲက စွမ်းဆောင်ရည်မျိုးနဲ့ ချန်ပီယံလိဂ် မပြောနဲ့ ယူရိုပါလိဂ် ဝင်ဖို့တောင် မထိုက်တန်ဘူးလို့ပြောခဲ့သလို အသင်းဖော်တွေအနေနဲ့ ဖိအားတွေအောက်မှာ မကစားချင်ဘူး ဆိုရင် အိမ်မှာပဲနေကြဆိုပြီး ပြစ်တင်ဝေဖန်သွားခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါနေတဲ့ ဒီပွဲမှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်နဲ့ နယူးကာဆယ် အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ ဒီပွဲအရှုံးကြောင့် အာဆင်နယ်အသင်းဟာ အဆင့် ၄ နေရာ မှာ ရပ်တည်နေတဲ့ စပါးအသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ပရီးမီးယားလိဂ် ရာသီပိတ်နောက်ဆုံးပွဲစဉ်မှာ စပါးအသင်းက နောဝစ်ချ်အသင်းကို အရေးနိမ့်ပြီး အာဆင်နယ်အသင်းက အဲဗာတန် အသင်းကို အနိုင်ရမှသာ အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်မှာပါ။

ရှာကာက “ကျနော်တို့ဟာ ပွဲကြီးပွဲကောင်း ကစားချင်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။မှန်ကန်တဲ့ စကားလုံးတွေ တောင် ရှာဖွေဖို့ အလွန်ခက်ခဲပါတယ်။နည်းပြစကားကို နားမထောင်ဘဲ ကိုယ့်အလုပ်ကိုယ်ပဲ လုပ်နေမယ်ဆိုရင် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။လူတွေက ခေါင်းဆောင်တွေအကြောင်း အမြဲတမ်းပြောနေကြပါတယ်။ကျနော်တို့က တင်းနစ်ကစားနေတာမဟုတ်ဘူး။ဘောလုံးကစားနေတာပါ။ ဒီလိုဖိအားတွေကို အဆင်သင့်မဖြစ်ဘူးဆိုရင်တော့ အိမ်မှာပဲနေလိုက်ပါ ။ဒီလိုခြေစွမ်းမျိုးနဲ့ ချန်ပီယံလိဂ် ဒါမှမဟုတ် ယူရိုပါလိဂ်မှာ ကစားဖို့ မထိုက်တန်ပါဘူး။ ဖိအားတွေကို မကိုင်တွယ်နိုင်ရင် ဒီနေ့လိုပဲ အဆုံးသတ်သွားမှာပါ ”လို့ ပြောခဲ့တာပါ။

အာဆင်နယ် အသင်းနည်းပြ အာတီတာ ကိုယ်တိုင်ကလည်း နယူးကာဆယ် အသင်းဟာ သူတို့ထက် အဆတစ်ရာ လောက်ပိုကောင်းတယ်လို့ ပြောသွားခဲ့ပါတယ်။အာတီတာ က “နယူးကာဆယ်အသင်းဟာ ပွဲအစကနေ အဆုံးအထိ နေရာတိုင်းမှာ ကျနော်တို့ထက် အဆတစ်ရာပိုပြီး ကောင်းခဲ့ပါတယ်။ဒါကို လက်ခံဖို့ခက်ခဲပါတယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ဒါကို လက်ခံရပါမယ်။ဒါက ကွင်းထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားပါပဲ ”လို့ ပွဲအပြီးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲဆက်တိုက် အရေးနိမ့်ခဲ့တာကြောင့် မျှော်လင့်ချက်တွေ ပျက်ပြယ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

Source:Metro