CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၁၇

ဒိုင်ဘားလားဟာ လာဇီယိုအသင်းနဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဂျူဗင်တပ်စ် ပရိသတ်တွေကို ငိုကြွေးပြီး နှုတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲဟာ ဒိုင်ဘားလားအတွက် ဂျူဗင်တပ်စ် ကစားသမားဘဝ အိမ်ကွင်းနောက်ဆုံးပွဲလည်းဖြစ်တာပါ။ဂျူဗင်တပ်စ် အသင်းနဲ့ ဒိုင်ဘားလားတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။စာချုပ် အသစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့် သဘောတူညီမှုမရရှိခဲ့တာကြောင့် အသင်းက ထွက်ခွာတော့မယ်လို့ ဒိုင်ဘားလားက အတည်ပြုထားခဲ့တာပါ။ ဒိုင်ဘားလားဟာဂျူဗင်တပ်စ် အသင်းကို ၂၀၁၅ ခုနှစ်က ပါလာမို အသင်းကနေ ရောက်ရှိလာခဲ့သူပါ။

ဒိုင်ဘားလားက “ဒီပွဲက ဂျူဗင်တပ်စ် ဂျာစီနဲ့ ကျနော့်ရဲ့ နောက်ဆုံးပွဲဖြစ်လာပါလိမ့်မယ်။ဒါကို တွေးကြည့်ရတာ အလွန်ခက်ခဲပေမယ့် ဒါဟာ ကျနော်တို့ရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်လာမှာပါ။ဒါဟာ မလွယ်ကူပါဘူး။ခင်ဗျားတို့ ကို နှုတ်ဆက်ဖို့ မှန်ကန်တဲ့ စကားလုံးရှာဖွေရတာ အလွန်ခက်ခဲပါတယ်။အားလုံးအတူတကွ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ ခံစားချက်တွေအများကြီး ပါဝင်နေပါတယ်။ ကျနော်တို့ နှစ်ပေါင်းများစွာ အတူရှိမယ်လို့ထင်ခဲ့ပေမယ့် ကံကြမ္မာက ကျနော်တို့ကို မတူညီတဲ့လမ်းကြောင်းပေါ်ရောက်စေတယ်”လို့ ရေးသားခဲ့တာပါ။

ဒိုင်ဘားလားဟာ လာဇီယိုနဲ့ ပွဲအပြီး ပရိသတ်တွေကို နှုတ်ဆက်တဲ့အခါမှာ ကလေးတစ်ဦးလို ငိုကြွေးနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ဒိုင်ဘားလားဟာ ဂျူဗင်တပ်စ်အသင်းမှာ ၇ ရာသီကြာ ကစားခဲ့ပြီး ပွဲပေါင်း ၂၉၁ ပွဲမှာ ၁၁၅ ဂိုး သွင်းယူနိုင်ခဲ့တာပါ။အာဂျင်တီးနား တိုက်စစ်မှူးဟာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေဖလား ၅ ကြိမ်၊ ကိုပါ အီတာလီယာဖလား ၄ ကြိမ်နဲ့ စူပါကိုပါအီတာလီယာဖလား ၃ ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

လာဇီယိုနဲ့ ပွဲမှာ ဒိုင်ဘားလားနဲ့အတူ အသင်းခေါင်းဆောင် ချီလီနီကလည်း နှုတ်ဆက်ပွဲအဖြစ် ပါဝင်ကစားသွားခဲ့တာပါ။ ချီလီနီဟာ ဂျူဗင်တပ်စ် အသင်းမှာ ၁၇ ရာသီကြာ ကစားခဲ့ပြီး အခု ရာသီအကုန်မှာ အသင်းက ထွက်ခွာ တော့မှာဖြစ်ပါတယ်။ချီလီနီဟာ ၂၀၀၅ ထဲက ဖီအိုရင်တီးနားအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၅၅၉ ပွဲ ပါဝင်ကစားကာ ဆုဖလားပေါင်းအများအပြားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:The Sun