CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၃

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက မန်ချက်စတာဒါဘီ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမယ့်ပွဲမှာ ယူနိုက်တက်အသင်း ဆီကနေ အကောင်းဆုံးတွေကို မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။ 

ဂွာဒီယိုလာက “ကျနော် ယူနိုက်တက်ဆီကနေ အကောင်းဆုံးတွေကို မျှော်လင့်နေပါတယ်။ ဒါပေမယ့် ကျနော် အလွန် လေးစားတဲ့ ပြိုင်ဘက်တွေနဲ့ ပတ်သက်ပြီး သူတို့ဘာတွေ လုပ်နေလဲဆိုတာ ကျနော်ပြောမှာ မဟုတ်ပါဘူး။ ကျနော့် စကားနဲ့ပတ်သက်ပြီး လူတွေကိုနားလည်မှု မလွဲစေချင်ပါဘူး။ ကျနော်ဟာ သူတို့အကြောင်းကို သိပြီး အသင်းကိုရော နည်းပြကိုရော ကစားသမားတွေကိုပါ လေးစားပါတယ်”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်း အိမ်ကွင်းမှာ ကစားခဲ့တုန်းက ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ အပါအဝင် နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ရလဒ် ရယူထားနိုင်ခဲ့ ပါတယ်။ 

လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားမှာလည်း မန်စီးတီးအသင်းဟာ ယူနိုက်တက်အသင်းကို ရမှတ် ၁၅ မှတ်အထိ အသာရထားပေမယ့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက မြို့ခံပြိုင်ဘက်အသင်းကို လေးလေး စားစားနဲ့ ယှဉ်ပြိုင်သွားမှာလို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၈ ပွဲဆက်တိုက် ရှုံးပွဲမရှိထားသလို ယူနိုက်တက်အသင်း ကလည်း ၂၀၂၄ ခုနှစ်ထဲမှာ ရှုံးပွဲ ၁ ပွဲသာ ကြုံတွေ့ထားရတာ ဖြစ်ပါတယ်။

ဒီပွဲဟာ ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ် လက်ထက် ပထမဆုံး မန်ချက်စတာဒါဘီ ပွဲစဉ်ဖြစ်တာပါ။

ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်ကတော့ လာမယ့် ၃ နှစ်အတွင်း မန်စီးတီးအသင်းကို ယူနိုက်တက်အသင်း ကျော်ဖြတ်နိုင်ဖို့ ပစ်မှတ်ထားတယ်လို့ အင်တာဗျူးမှာ ပြောထားပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ရာသီမှာ ချန်ပီယံဆု ၅ ကြိမ် ရယူနိုင်ခဲ့ပြီး ဒီရာသီမှာ ထပ်မံရယူကာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံကို ၄ နှစ်ဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source: besoccer