CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆
ဇွန်လ ၅ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)ပွဲတွေမှာ ခြေစစ်ပွဲ အောင်မြင်တဲ့ အသင်း ၃ သင်း ထပ်မံထွက်ပေါ်လာခဲ့ပြီး ဒီအသင်းတွေကတော့ ဂျော်ဒန်၊ တောင်ကိုရီးယားနဲ့ ဥဇဘတ်ကစ္စတန်အသင်းတို့ ဖြစ်ပါတယ်။
ဂျော်ဒန်နဲ့ ဥဇဘတ်ကစ္စတန်အသင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားအသင်းကတော့ ၁၁ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။
ဥဇဘတ်ကစ္စတန်အသင်းဟာ အဝေးကွင်းမှာ ယူအေအီးအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် အုပ်စု A မှာ အီရန် အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားအသင်းက အီရတ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့အနိုင်ရပြီး ဂျော်ဒန်အသင်းက အိုမန်အသင်းကို ၃ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရခဲ့တာကြောင့် ၂ သင်းစလုံးဟာ အုပ်စု B ကနေ ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ခဲ့ကြတာပါ။
ဂျော်ဒန်အသင်းကို တွေ့ရစဉ်
အုပ်စု C မှာ ဂျပန်အသင်းက ခြေစစ်ပွဲ အောင်မြင်ထားပြီး တိုက်ရိုက်အောင်မယ့် ၁ နေရာအတွက် သြစတြေးလျနဲ့ ဆော်ဒီအသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ကာ သြစတြေးလျအသင်းက ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရဖို့အတွက် အာရှဇုန်ကနေ စတုတ္ထအဆင့်ခြေစစ်ပွဲကို ယူအေအီး၊ ကာတာ၊ အီရတ်၊ အင်ဒိုနီးရှားအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ထပ် ၂ သင်းက နောက်ဆုံးပွဲစဉ်တွေ အပြီးမှသာ အဖြေထွက်မှာပါ။
လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ အသင်းတို့ နဲ့အတူ ဂျပန်၊ နယူးဇီလန်၊ အီရန်၊ အာဂျင်တီးနား၊ တောင်ကိုရီးယား၊ ဥဇဘတ်ကစ္စတန်နဲ့ ဂျော်ဒန်အသင်းတို့ ယှဉ်ပြိုင်ခွင့်ရရှိထားတာ ဖြစ်ပါတယ်။
Source: ESPN