CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃

မြန်မာနိုင်ငံတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်လက်ထက်ကာလမှာ  တိုင်းရင်း သား လူမျိုးများနှင့် ပတ်သက်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသစ်များ ပေါ်လာနိုင်သလား ဆိုသည့် အပေါ် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအသိုင်းအဝန်းကြား စောင့်ကြည့်လေ့လာလျက်ရှိနေသည်။

၁၉၅၈ ခုနှစ်တွင် တိုင်းရင်းသားများသည် ပြည်ထောင်စုထဲ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ခွဲထွက်ခွင့် ပါရှိ သည့် အဆင့်မြင့်နိုင်ငံရေး အဆင့်အတန်းတစ်ခုကို ဥပဒေကြောင်းအရ ပိုင်ဆိုင်ထားသော ကာလလည်း ဖြစ်ခဲ့သည်။ 

ထို့နောက် မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု စုစုပေါင်း ၆ ခု သတ်မှတ်ခဲ့သည်။ 

ထိုအထဲမှာ “ဝ” လူမျိုးများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ရပ်တည်ခွင့်ရရှိထားပြီး နာဂ၊ ပအိုဝ်း၊ ဓနု၊ ပလောင်၊ ကိုးကန့် လူမျိုးများကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ရပ်တည်ခွင့်ရရှိထား သည်။

သို့သော် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် လွတ်လွတ်လပ်လပ် မရှိဘဲ အမည်ခံ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသများ အနေဖြင့်သာ ရရှိနေခြင်းကြောင့် တိုင်းရင်းသားလူမျိုးများက လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ရရှိရေး တောင်းဆိုလျက်ရှိနေသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအသစ် ပေါ်လာနိုင်ခြင်းသည် အစိုးရနှင့််လွှတ်တော်၏ ညှိနှိုင်းမှု၊ NSPNC ၏ ကြိုးစား အားထုတ်မှုများဖြင့် အခြေခံဥပဒေကို မည်မျှပြင်ဆင်နိုင်မလဲ ဆိုသည့်အပေါ် များစွာမူတည် သည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။ 

လက်ရှိ အခင်းအကျင်းအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသစ်အဖြစ် ပေါ်လာနိုင်သည့် ပြည်နယ် ၃-၄ ခု ရှိလာနိုင်ကြောင်း၊ ထိုကိစ္စရပ်များနှင့်ဆက်စပ်၍  အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ရေး ကိစ္စရပ်များသည် ၂၀၂၇ နောက်ပိုင်းတွင် ပို‌ရွေ့လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။ 

တိုင်းရင်းသားလူငယ်များကို တွေ့ရစဉ်

၎င်းက “အခုလက်ရှိမှာ (Hot) နေတာက ရှမ်းနီက နည်းနည်းလေး လှုပ်လှုပ်ရွရွရှိတယ်။ နောက်တခြား လည်း ရှိလာနိုင်ပါတယ်။ ရှိလာနိုင်တယ် ဆိုတဲ့ဟာက ဥပမာ လားဟူလိုမျိုးပေါ့၊ လားဟူက EAO လည်း ရှိတယ် NCA ထိုးထားတယ်။ အဲဒီလိုမျိုးပေါ့ လားဟူ ရှိလာနိုင်တယ်။ နောက်တစ်ခါ ကျနော်တို့ ကချင်မှာ ဆိုရင် လီဆူတွေက ပြည်သူ့စစ်ရှိတယ်ဗျာ၊ နောက်တစ်ခါ ရဝမ်တွေကလည်း နည်းနည်း နိုင်ငံရေးအရ တောင်းဆိုမှုတွေရှိတယ်။ အဲဒီလိုမျိုး ဆိုတဲ့အခါကျတော့ အထူးဒေသ သော်လည်းကောင်း ကိုယ်ပိုင်အုပ် ချုပ်ခွင့်အရ သော်လည်းကောင်း ပေါ်ထွက်လာနိုင်တဲ့ နိုင်ငံရေး ပဋိပက္ခအခြေခံရှိတာက လောလော ဆယ် သုံးလေးခုရှိတယ်။ ဥပမာဆိုရင် သုံးလေးခုက နိုင်ငံရေးအရ ဘယ်လောက်ထိ သူတို့ညှိနှိုင်းနိုင်သလဲ အခြေခံဥပဒေမှာ ဘယ်လောက်ထိ ပြင်ဆင်နိုင်သလဲပေါ့။ အခြေခံဥပဒေမှာ ခုနက ဇယား ၃ ကို ပြင်တာ တို့ နောက်တစ်ခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ တိုင်းတွေ ထပ်တိုးတာတို့ အဲဒီဟာက ခုနက ၄၃ ချက်မှာ လောလောဆယ် NSPNC နဲ့ နိုင်ငံရေးပါတီက ဆွေးနွေးထားတဲ့ ၄၃ ချက်ဆိုတာလည်း လူတကာ ပြော နေကြတယ်။ ၄၃ ချက်မှာ ပါလား မပါလား မသိဘူးလေ။ အဲဒီတော့ ၄၃ ချက်က လွှတ်တော်မှာတင်မယ် ဆွေးနွေးမယ်လို့ အသံကထွက်ပြီ ဒါပေမယ့် ဒီငါးနှစ်သက်တမ်းမှာ အဲဒီဟာက ၂၀၂၇ နောက်ပိုင်းမှ ပိုပြီး ရွေ့လာမယ်ထင်တယ်” ဟု ပြောသည်။ 

ထို့အပြင် လက်ရှိအစိုးရ သက်တမ်း ငါးနှစ်အတွင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသစ် ထပ်တိုး လာနိုင်လိမ့်မည်ဟု မထင်ကြောင်း ဒေါက်တာအမ်ကောန်လက ဆက်ပြောသည်။ 

၎င်းက “SNA နဲ့ NSPNC တွေ့ထားတယ်၊ နောက်တစ်ခါ ရှမ်းနီတချို့တွေက အသံထုတ်တာတွေရှိတယ်။ သူတို့ရဲ့ နိုင်ငံရေး လိုလားချက်တွေလည်းရှိတယ်။ ဒါပေမယ့် အဲဒီဟာက အခြေခံဥပဒေအရဆိုရင် အနည်းဆုံး လူဦးရေ ၅၁ ရာခိုင်နှုန်းဖြစ်ရမယ်။ တိုင်းနှင့် ပြည်နယ် ဟိုဘက်ဒီဘက် မခွရဘူး။ နောက် တစ်ခါ မားသား ပြည်နယ်ရှိထားတဲ့ ပြည်နယ်ခွဲတွေမှာ ထပ်ပြီး တောင်းဆိုခွင့်မရှိဘူး။ ဒါမျိုးတွေ ကန့် သတ်ချက်တွေ ရှိတယ်လေ။ နောက်တစ်ခုက သူ့ရဲ့ Demographics က ဘယ်လောက်ထိ ရှိရမလဲ ဆိုတာတွေရှိတယ်။ အဲ့တာတွေနဲ့ ကိုက်ညီတယ်၊ လွှတ်တော်ကလည်း ပေးသင့်တယ်။ NSPNC ကလည်း သဘောထား ရှိတယ်ဆိုရင်တော့ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး ဖြစ်သွားနိုင်တယ်။ အဲဒီတော့ တိုးလာနိုင်သလားဆိုတော့ တိုးလာနိုင်တယ်။ အခြေခံဥပေဒ ပြောင်းနိုင်ရင်တိုးမယ်၊ မပြောင်းနိုင်ရင် မတိုးဘူး။ ဆိုတော့ ငါးနှစ်မှာတေ့ာ မတိုးလောက်သေးဘူး။ အဲဒီလောက်ကြီးထိ ဒီဟာကို Target က မလှည့်နိုင်သေးဘူး။ ပြည်ထောင်စုဆိုင်ရာကိစ္စတွေ အရင် စကားပြောမယ်ထင်တယ်။ နောက် ငါးနှစ် သက်တမ်းကျမှ နိုင်ငံရေး တည်ငြိမ်လာရင် ဒီကိစ္စက ထပ်ပြီး ဖြေရှင်းနိုင်လိမ့်မယ်လို့ မြင်တယ်” ဟု ပြောသည်။

လတ်တလောတွင် ရှမ်းနီ၊ လားဟူ၊ လီဆူ၊ အာခါ စသည့် တိုင်းရင်းသားလူမျိုးများက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ သို့မဟုတ် ပြည်နယ် သတ်မှတ်ပေးရန် တွေ့ဆုံ ဆွေးနွေးမှုများကနေတဆင့် တောင်းဆိုလျက်ရှိ နေသည်။

တိုင်းရင်းသားလူငယ်များကို တွေ့ရစဉ်

အထူးသဖြင့် ကချင်ပြည်နယ်တွင် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ထွန်းလာနိုင်သည့် အလား အလာရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေ ပေါ်လာနိုင်တယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာပေါ့နော်။ KIA က ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ သူတို့ကို လုံးဝခွဲထွက်ခွင့် မပါရဘူးဆိုတာကို အဲ့ဒီ တုန်းက သဘောတူထားကြပြီးသား။ ဒါကြောင့်လည်း သူ့ကို ကချင်မရှိတဲ့ ဗန်းမော်ဒေသ၊ ဧရာဝတီ မြစ်ရိုး၊ ရထားလမ်း သံလမ်းရိုးတို့ ဒါတွေပါသူ့ကို ထည့်ပေးလိုက်တာလေ။ သူက အစကတည်းက လက်ဖဝါး တစ်ခုကို မှောက်ထားသလိုပဲ။ လက်ချောင်းတွေပေါ်မှာ ကချင်ရှိပြီးတော့ အောက်က ကြားတွေမှာက ကချင်မရှိဘူး။ လူဦးရေ အားဖြင့်ကလည်း ရှမ်းနဲ့ဗမာက ပိုများနေတယ်။ ဒါကို သူတို့က KIA က လောဘတက်ပြီးတော့ ဝမ်ပေါင်ပြည်နယ်တို့ ဘာတို့ပြောတဲ့ အခါကျတော့ ဘာပဲပြောပြော ပြည်မ နိုင်ငံရေးသမားတွေက သူတို့တော့ တော်တော်ချဉ်တယ်။ နောက်တစ်ခုက KIA က ဒုက္ခပေးသမျှ အားလုံးက သူက စတာချည်းပဲ။ ‌ဒါကြောင့်မို့လို့ ကချင်ပြည်နယ်နဲ့ ပတ်သက်လို့ကတော့ အကုန်လုံးက ကချင်ပြည်နယ်မှာ ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသဖြစ်လာဖို့ ကြိုက်တယ်၊ ထောက်ခံတယ်၊ အားပေး တယ်။ လီဆူကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ အဲဒီလို ပုံစံမျိုး တွေနဲ့ ကချင်ပြည်နယ်ဘက်မှာ ပိုပြီးတော့ ပေါ်လာစရာ အကြောင်းရှိတယ်။ အထူးသဖြင့် ဖြစ်နိုင်တာက တော့ ရှမ်းနီအနေနဲ့ကတော့ ကချင်ပြည်နယ်မှာ သီးခြားပုံစံပေါ့နော်  ဂျိမ်းဖောနဲ့လီဆူနဲ့က ဖြစ်တဲ့အခါကျ‌ တော့ လီဆူတွေလည်း ဖြစ်လာနိုင်တယ်ပေါ့နော်”ဟု ပြောသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် ကိုးကန့်သည် ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းနှင့် လောက်ကိုင် မြို့နယ်၊ ပလောင်သည် ရှမ်းပြည်နယ်အတွင်းရှိ နမ့်ဆန်နှင့် မန်တုံမြို့နယ်၊ ဓနုသည် ရှမ်းပြည်နယ်အတွင်း ရှိ ရွာငံနှင့် ပင်းတယမြို့နယ်၊ ပအိုဝ်းသည် ရှမ်းပြည်နယ်အတွင်းရှိ ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်း မြို့နယ်၊ နာဂသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လဟယ်၊ လေရှီးနှင့် နန်းယွန်းမြို့နယ်တို့ကို ရရှိထားကြ သည်။

ထို့နောက် “ဝ”ကတော့ ရှမ်းပြည်နယ်အတွင်းက ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်း မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်းခမ်း)မြို့နယ်တို့ကို စုစည်း၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ရရှိထားသည်။