CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်(EAO)များအနက် အင်အားအကြီးဆုံးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်- ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် အပြည့်အဝ ရထားသော “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကို စံထား ကာ ကြိုးပမ်းလာနေသော လက်နက်ကိုင်များအား မည်ကဲ့သို့ အခွင့်အရေးများပေး၍ ထိန်းမလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်လာကြသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခု စုစုပေါင်း ၆ ခု သတ်မှတ်ထားကာ “ဝ” သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဆင့် တရားဝင် ရရှိ ထားသည်။
အဆိုပါ “ဝ”ဒေသများ အားလုံးကို UWSA က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ရရှိထားပြီး မြန်မာနိုင်ငံအတွင်းက အသေးစားနိုင်ငံငယ်လေးဟုပင် တင်စားခေါ်ဝေါ်ခြင်း ခံနေရသည့်အတွက် တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များသည် “ဝ”ကဲ့သို့ နိုင်ငံရေးအဆင့်အတန်းမျိုး ရလိုကြောင်း ဆန္ဒ ရှိနေကြသည်။
ရခိုင်ပြည်နယ်ထဲက ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထား သည့် အာရက္ခတပ်တော်(AA)က “ဝ”ကဲ့သို့ နိုင်ငံရေးအဆင့်အတန်းမျိုးကို အနိမ့်ဆုံးရယူရန် သို့မဟုတ် ကွန်ဖက်ဒရေးရှင်း အဆင့်ထိသွားရန် သဘောထားရှိကြောင်း တရားဝင် ထုတ်ဖော် ပြောကြားထားသည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို တွေ့ရစဉ်
ယခုကဲ့သို “ဝ”လို တိုင်းရင်းသားလက်နက်ကိုင်များမှ လုပ်ဆောင်လာပြီး၊ ပြည်ထောင်စု၏ ဩဇာမသက်ရောက် ဘူးဆိုလျှင် နောင်တချိန်တွင် ပြည်ထောင်စု၌ အန္တရယ်ဖြစ်လာနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုး တက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု“ဝ”က သူက ဖက်ဒရယ်ထက်ကိုလွန်သော ကွန်ဖက်ဒရေးရှင်းကို ရရှိနေတာ ဖြစ်ပါတယ်။ သူ့ဒေသ မှာ သူ့ဒေသကာကွယ်ရေးလုပ်တယ်၊ တရားစီရင်ရေး သူလုပ်တယ်။ အစစအရာရာ “ဝ”က သူဘာသူ လုပ်နေတဲ့ အခါကြတော့ တိုင်းရင်းသားတွေက အဲဒါကို အားကျလာကြတာ ဖြစ်ပါတယ်။ ဒါကြတော့ ပြည်ထောင်စုအတွက် ကြ တော့ မကောင်းဘူးဗျ အဲဒီကိစ္စကြီးက။ ဒီ “ဝ”လိုမျိုးပဲ တိုင်းရင်းသားနဲ့ လက်နက်ကိုင်တွေက လုပ်သွားမယ်၊ ပြည်ထောင်စုရဲ့ ဩဇာ မသက်ရောက်ဘူးဆိုရင် နောင်တချိန်ကျရင် ပြည်ထောင်စုမှာ အန္တရယ် ကြီးကြီးမားမား ဖြစ်လာနိုင်တယ်။ အခုတိုင်းရင်းသားတွေ အားကျတာ ဘာကြောင့်မို့လဲဆိုတော့ “ဝ”က လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့်လို့ ပြည်ထောင်စုက ထိန်းညှိပေးရပါမယ်။ “ဝ”ပုံစံမျိုးလည်း မဖြစ်ရလေအောင် ကျနော်တို့နိုင်ငံက ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုရင် “ဝ”ဒေသမှာ ပြည်ထောင်စုရဲ့ ဩဇာလည်း သက်ရောက် အောင် “ဝ”လိုချင်တာ ဘာလဲ အပေးအယူနဲ့ ကျနော်တို့ ကစားကျရမှာ ဖြစ်ပါတယ်။ “ဝ”က အခု သူ့ဒေသ ဖွံ့ဖြိုး တိုးတက်ရေးတွေ အားလုံးဟာ သူ့ဟာသူ စီမံခန့်ခွဲပြီးမှ တိုးတက်သွားတဲ့ အခါကြတော့ တိုင်းရင်းသား အားကျတာ လည်း မဆန်းပါဘူးဗျ။ ဒါပေမယ့် ပြည်ထောင်စုအတွက်ကို အန္တရယ်တစ်ခုတော့ ရှိလာနိုင်တယ်လို့ ကျနော့် အနေနဲ့တော့ မြင်တယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လွှတ်တော်ပေါ်ပေါက်လာပြီးဖြစ်၍ “ဝ”လိုချင်သည့် အခြေအနေနှင့် အစိုးရက ပေးနိုင် သည့် အခြေအနေ ညှိနှိုင်းဆွေးနွေးကာ သွားသင့်ကြောင်း စိုင်းဋ္ဌေးအောင်က ဆက်ပြောသည်။
၎င်းက “ အဲဒီ အတွက်ကြောင့်မို့လို့ “ဝ”က ဘာလိုချင်လဲ သူလိုချင်တာကို အခု လွှတ်တော်ကြီးပေါ်လာပြီ လွှတ်တော်မှာ ဆွေးနွေးမယ်။ ဆွေးနွေးပြီးမှ နိုင်ငံတော်ဘက်က ဘယ်လောက်အထိ လိုက်ရောပေးနိုင်မလဲ ဖွဲ့စည်းပုံကို ဘယ်ထိ အတိုင်းအတာထိ ပြင်ပေးနိုင်မလဲဆိုတဲ့ ကဏ္ဍမျိုးတွေနဲ့ ဆောင်ရွက် သွားကြမယ်ဆိုရင်တော့ ဒါ “ဝ”ဒေသကိုလည်း မြန်မာနိုင်ငံ နယ်နိမိတ်ထဲက မြန်မာပြည်ထောင်စုရဲ့ ဩဇာ သက်ရောက်သော ပြည်နယ်တစ်ခု ဖြစ်လာပြီးမှ ကျန်တဲ့တိုင်းရင်းသားတွေကလည်း “ဝ”ကို အားကျတဲ့ကိစ္စတွေ လျော့သွားလိမ့်မယ် လို့ ကျနော့် အနေနဲ့မြင်တယ်”ဟု ပြောသည်။
“ဝ” အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခြင်းသည် တရုတ်နယ်စပ်တွင် တည်ရှိနေခြင်း၊ ငွေအင်အား၊ လူအင်အား၊ လက်နက်အင်အားနှင့် ဒေသအား လုံခြုံစွာ ထိန်းထားနိုင်သည့် အချက်အလက်များကြောင့် ဖြစ်ကြောင်း၊ ကျန် တိုင်းနှင့် ပြည်နယ်များတွင် “ဝ” ကဲ့သို့ စုဖွဲ့မှု ကျစ်လျစ်မှုမျိုး မည်သူ့မှာမှ မတွေ့ရကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ယခုမြန်မာနိုင်ငံတွင် “ဝ”၊ မိုင်းလား၊ MNDAA တို့သည် သူ့နေရာလေးနှင့်သူ ရထားပြီဖြစ်၍ ကျန်သည့်အဖွဲ့အစည်း များကလည်း ထိုသို့ ရအောင်ကြိုးလာကြခြင်းဖြစ်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ NDAA ကို တွေ့ရစဉ်
၎င်းက “ “ဝ”ဆိုလည်း သူ့ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်လေးလို ဖြစ်နေပြီ၊ မိုင်းလားဆိုလည်းဒီလိုပဲ၊ MNDAA ဆိုလည်းဒီလိုပဲ သူ့နေ ရာလေးနဲ့သူတော့ ရထားပြီ။ ကျန်တဲ့ အဖွဲ့အစည်းတွေကလည်း အဲဒီလိုရအောင်ကြိုးစားဖို့။ အဲဒါအားလုံးက ညီညီ ညွတ်ညွတ်နဲ့ ကျမတို့ထပ်ပြီးတော့ ဒီစစ်တပ်ကို ပိုပြီးတော့ နာနာတိုက်ပေးဖို့တော့ လိုတာ ပေါ့။ အဲဒီလိုမှပဲ ကျမတို့ က ပြောရေးဆိုခွင့်တွေ ရှိလာမှာပေါ့။ အဲဒီတော့မှပဲ သူတို့ တစ်စုံတစ်ရာ လျှော့ပေးတာ၊ အခုချိန်ထိကတော့ သူတို့ နည်းနည်းမှ မကျသေးဘူး (ဦး)မင်းအောင်လှိုင် ပြောပုံဆိုပုံတွေ၊ တခြားစစ်ဗိုလ်တွေ ပြောပုံဆိုပုံတွေကြည့်ရတာ သူ တို့ နိုင်နိုင်သေးတယ်လို့ သူတို့ကိုယ်သူတို့ တွက်နေသေးပုံရတယ်”ဟု ပြောသည်။
လက်ရှိတွင် “ဝ”သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ (စ)အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဆင့်သတ် မှတ်ပေးထားသော်လည်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒေသသည် ဗဟိုအစိုးရ၏ ဩဇာအာဏာ သက်ရောက် မှုမရှိဘဲ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က သီးခြားလွတ်လပ်စွာ စီမံအုပ်ချုပ်လျက်ရှိနေသ ည်။
တိုင်းရင်းသားများအတွက် အခွင့်အရေးကမူ “ဝ”လိုတော့ မသင့်တော်ကြောင်း၊ တိုင်းပြည်ထဲတွင် စည်လုံးရေး ပြိုကွဲနေသောကြောင့် ၎င်းတို့ ယခုလို လုပ်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင် မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခွင့်အရေးက “ဝ”ရဲ့ လက်ရှိ အနေအထားမျိုးကတော့ ဒါကတော့ မသင့်တော်ဘူးပေါ့နော်။ အဲဒါက ဖက်ဒရယ် မဟုတ်တော့ဘူး၊ အဲဒါက ကွန်ဖက်ဒရေးရှင်း ဖြစ်သွားပြီ၊ ပေးတော့ပေးသင့်တယ်။ အခုလက်ရှိ အနေအထား ထက်လည်း နည်းနည်းများရမယ်၊ “ဝ”လောက်လည်း မဟုတ်ဘူးပေါ့ အဲဒီကြားထဲမှာပဲ ဖြစ်တယ်။ နောက် တစ်ခု ကတော့ “ဝ”ရဲ့ အနေအထားနဲ့ မတူပါဘူး။ တိုင်းပြည်ထဲမှာ စည်လုံးရေး ပြိုကွဲနေလို့သာ သူတို့ဒီလိုလုပ်န တာ ပေါ့နော်။ “ဝ” ဆိုတာ တကယ်တော့ အမှန်အတိုင်းပြောရင် လှိုင်သာယာတစ်မြို့နယ် တစ်မြို့နယ်စာပဲ ရှိပါတယ်။ သူဒီလိုရနေတာဟာ မြန်မာနိုင်ငံရဲ့ စိန်နားကပ်အရောင်ကြောင့်သူပါးပြောင်နေရတာ။ အဲဒါကို သူတို့နားလည်ဖို့ ကောင်း တယ်။ တိုင်းပြည်ရဲ့ လုံခြုံရေး ထိခိုက်မယ်ဆိုတာက သူက စစ်မတိုက်ဘဲ လက်နက်တွေ မှောင်ခိုပို့ပြီးတော့ ရောင်းစားနေလို့ ဒီလိုဖြစ်နေတာလေ။ သူတို့ဒါမျိုး တကယ့်တကယ် နိုင်ငံတော်က ပြတ်ပြတ်သားသား လုပ်ကြည့်ပါလား သူဘယ်ရမလဲ သူကွဲထွက်သွားမှာ။ တကယ့် တကယ်ကြတော့ တိုင်းရင်းသားတွေမှာ ယဥ်ကျေး မှုဆိုင်ရာ လွတ်လပ်ခွင့်တွေ ပေးရမယ်လေ၊ သူတို့ရဲ့ သယံဇာတတွေ စီမံခန့်ခွဲမှုကိုလည်း ပေးရမယ်။ အထိုက် အလျောက်ပေါ့နော်”ဟု ပြောသည်။
UWSA သည် “ဝ” ဒေသ တစ်ခုလုံး၏ စစ်ရေး-နိုင်ငံရေး အပါအဝင် တရားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွား ရေး၊ အကောက်ခွန်ဌာန၊ လဝက စသည့် လုပ်ငန်းစဉ်များ ကိုယ်ပိုင်စီမံအုပ်ချုပ်လျက်ရှိသည်။
KIA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကတော့ တိုင်းရင်းသားများသည် ၂၀၂၅ ခုနှစ်ကျော်လွန်လာပါက ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားချက်များ ရှိလာမည်ဖြစ်ကြောင်း ပြောကြားထားသည်။
အလားတူ ကချင်ပြည်နယ် လုံခြုံရေးအတွက် စစ်ကိုင်းတိုင်းကနေ ရန်သူကို စောင့်တိုက်ရမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းမှာ ကသုံးလုံး(ကန့်ဘလူး-ကောလင်း-ကသာ)စစ်ဆင်ရေး ဖော်ဆောင်နေပြီး မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတစ်လျှောက် (ကချင်-စစ်ကိုင်းတိုင်း-ချင်း-ရခိုင်) ဆောင်ရွက်နေကြောင်း ၎င်းက ပြောထား သည်။
ကရင်အမျိုးသားအစည်းအရုံး(KUN)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း ကိုယ်ပိုင်ပြဋ္ဌာန်း အုပ်ချုပ်ခွင့်ရှိသော “ကော်သူးလေ ကရင်ပြည်”ထူထောင်မည်ဟု ပြောကြားထားသလို ကိုးကန့်တပ်ဖွဲ့(MNDAA)ကလည်း ကိုယ်ပိုင် ပြဋ္ဌာန်း အုပ်ချုပ်ခွင့်ရှိသော အထူးဒေသဖော်ဆောင်ရေး ကြိုးပမ်းလျက်ရှိသည်။
ထို့ပြင် TNLA ကလည်း ပလောင်ပြည်နယ်ရရှိရေး တည်ဆောက်နေသလို SNA နှင့် NDAA ကလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ပြည်နယ်ရရှိရေး ကြိုးပမ်းလျက်ရှိနေကြသည်။
