CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇

ဘရော်နီကာဟာ အောက်တိုဘာလ ၁၆ ရက်နေ့က ထိုးသတ်ခဲ့တဲ့ပွဲမှာ ဘရာဇီးလ်နိုင်ငံသူ မာရီယာနာ ဘာနန်ဒက်စ်ကို အနိုင်ယူပြီး Thai Fight မှာ ၆ ပွဲဆက်နိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရော်နီကာဟာ ဒီပွဲရဲ့ ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရရှိခဲ့တာပါ။မြန်မာ့လက်ဝှေ့မယ်ဟာ ပထမ အချီမှာကတည်းက မာရီယာနာဘာနန်ဒက်စ်ကို အလဲထိုးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ပြိုင်ဘက် ကစားသမားက အရှုံးမပေးခဲ့တာကြောင့် ဒုတိယအချီထိဆက်သွားခဲ့ရတာပါ။

ဒုတိယအချီမှာတော့ ဘရော်နီကာရဲ့ ဝမ်းဗိုက်ထိုးချက်ကြောင့် မာရီယာဘာနက်ဒက်စ်လဲကျပြီး အရှုံးပေးခဲ့ရကာ Thai Fight မှာ အလဲထိုးဘုရင်မဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ထိန်းနိုင်ခဲ့တာပါ။

ဘရော်နီကာဟာ ဒီနိုင်ပွဲနဲ့အတူ ကမ္ဘာ့မွေထိုင်းအဖွဲ့အစည်းရဲ့ bantamweight အဆင့်သတ်မှတ်ချက် အဆင့် ၁ နေရာကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ဘရော်နီကာဟာ အနာဂတ်မှာ ONE Championship နဲ့ UFC ပြိုင်ပွဲတွေအထိ ထိုးသတ်ဖို့ ရည်မှန်းထားတာပါ။ပြီးခဲ့တဲ့ ဇူလိုင်လက ဘရော်နီကာကို ONE Championship က စာချုပ်ချုပ်ဆိုဖို့ သူ့ရဲ့ကလပ်ဖြစ်တဲ့ တိုက်ဂါးမွေထိုင်းကနေ တဆင့် ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဘရော်နီကာဟာ Thai Fight နဲ့ စာချုပ်ရှိသေးတာကြောင့် ဒီကမ်းလှမ်းမှုကို လက်ခံလို့ မရသေးပဲ ဒီမှာပဲ ဆက်ပြီး ကြိုးစားကာ ပြိုင်ပွဲဝင်ရဦးမှာဖြစ်တယ်လို့ တိုက်ဂါးမွေထိုင်းသူဋ္ဌေးဖြစ်သူက ပြောခဲ့တာပါ။ဘရော်နီကာနဲ့ Thai Fight တို့ဟာ ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး လက်ရှိ Thai Fight ရဲ့ ဘုရင်မလို့ တင်စားခြင်းခံနေရတာလည်း ဖြစ်ပါတယ်။

ကယန်းတိုင်းရင်းသူ ဘရော်နီကာဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး ရွှေခါးပတ်ဆုရှင်အဖြစ်လည်း မှတ်တမ်းတင်ထားသူပါ။သူမဟာ ၂၀၁၅ က ကျင်းပခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာလည်း နိုင်ငံအတွက် ကြေး တံဆိပ် ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။