CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃

ဘတ်စကတ်ဘော ကစားသမား သောမတ်စ်ဟူတယ်လ်ဟာ ရုရှားကလပ် ဇင်းနစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ကြောင့် ပြင်သစ်လက်ရွေးစင်အတွက် ကစားခွင့် ပိတ်ပင်ခံလိုက်ရပြီ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ဟူတယ်လ်ဟာ ပြင်သစ်အသင်းကို ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ရအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် စက်တင်ဘာလမှာ ဇင်းနစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

ပြင်သစ် ဘတ်စကတ်ဘော အကြီးအကဲတွေက ရုရှားကလပ်ကို ကစားနေတဲ့ ကစားသမားတွေကို နိုင်ငံအသင်း အတွက် ရွေးချယ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် အဆိုပါကစားသမားက ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ယူရို ဘတ်စကတ်ဘော ပြိုင်ပွဲအပြီးမှာ ရုရှားကို ပြောင်းခဲ့တဲ့အတွက် ပြင်သစ်တာဝန်ရှိသူတွေက ဟူတယ်လ် ကို ဒေါသထွက် နေကြတာပါ။

ပြင်သစ်ဘတ်စကတ်ဘော အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆူတက်ခ်က ဟူတယ်လ်ရဲ့ လက်ရွေးစင် ကစားသမားဘဝဟာ ပြီးဆုံးသွားခဲ့ပြီလို့ ပြောခဲ့ပါတယ်။

ပြင်သစ် ဘတ်စကတ်ဘောသမား သောမတ်စ်ဟူတယ်လ်ကို တွေ့ရစဉ် (SportsDesk)

ဆူတက်ခ်က “ သောမတ်စ်ဟာ ကတိကဝတ်ကို လေးစားလိုက်နာခြင်း မရှိပါဘူး။ ကျနော့်အတွက်ကတော့ ဒီနေ့ကစပြီး သူဟာ ပြင်သစ်လက်ရွေးစင် အသင်းမှာ မရှိတော့ပါဘူး။ ပြီးဆုံးသွားပါပြီ”လို့ ပြောခဲ့ပါတယ်။

ယူကရိန်းမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာ ရုရှား ဒါမှမဟုတ် ဘယ်လာရုစ် အသင်းတွေမှာ ပါဝင် ကစားနေတဲ့ ကစားသမားတွေကို လက်ရွေးစင်အတွက် ရွေးချယ်မှာ မဟုတ်ဘူးလို့ ပြင်သစ် ဘတ်စကတ်ဘော အဖွဲ့ချုပ်ဟာ သြဂုတ် လအစောပိုင်းက သတိပေးခဲ့ပါတယ်။

တာဝန်ရှိသူတွေနဲ့ ကစားသမားတွေဟာ ဒီသဘောတူညီမှုကို အတည်ပြုနိုင်ဖို့အတွက် လတ်မှတ်ရေးထိုးဖို့ တောင်းဆိုမှုတွေရှိခဲ့ပြီး ဒါကို ချိုးဖျက်မယ်ဆိုရင် ၂၀၂၄ ပဲရစ်အိုလံပစ် အပါအဝင် ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။
ပြင်သစ် ကစားသမားတွေဖြစ်တဲ့ ချာလတ်စ်နဲ့ လာဘီရီတို့ဟာ စီအက်စ်ကေအေ မော်စကိုနဲ့ UNICS ကာဇန်အသင်းတွေမှာ ကစားနေတာကြောင့် ဒီတောင်းဆိုမှုကို လက်မှတ် မထိုးခဲ့တဲ့အတွက် ပြင်သစ် ဘတ်စကတ်ဘောအဖွဲ့ချုပ်က သူတို့ကို လူစာရင်းကနေ ဖယ်ရှားခဲ့တာပါ။

ဟူတယ်လ်ကတော့ ပြင်သစ်အသင်းကို ယူရိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပြီး ရက်ပိုင်းအကြာမှာ ဇင်းနစ်အသင်းထံ ၁ နှစ် ထပ်တိုးခွင့် ရွေးချယ်မှုနဲ့ ၁ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဟူတယ်လ်ဟာ ပြင်သစ်အတွက် ၉၉ ပွဲ ပါဝင်ကစားထားပြီး ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့တဲ့ အသင်းမှာ ပါဝင်ခဲ့တာပါ။ ပြင်သစ်ကစားသမားဟာ ရုရှားကို မပြောင်းခင် စပိန်၊ ပြင်သစ်နဲ့ တူရကီကလပ်တွေ မှာလည်း ကစားခဲ့တာ ဖြစ်ပါတယ်။

Source: အာတီရ်သတင်းဌာန