CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃

ရီးရယ်လ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းရဲ့ လူစာရင်းမှာ ရာမို့စ်ကို ရွေးချယ်ဖို့ ပြောလိုက်ပါတယ်။

အန်ဆယ်လော့တီက “ရာမို့စ်ရဲ့ အတွေ့အကြုံတွေနဲ့ အရည်အသွေးတွေက ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားနိုင်ဖို့ ဘာ သံသယမှ မရှိပါဘူး။ သူဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် ရှိနေဆဲပါပဲ”လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ပထမဆုံးအကြိမ် ကိုင်တွယ်ခဲ့တုန်းက ရာမို့စ်နဲ့ အလုပ်လုပ်ခဲ့ရတာ ကြောင့် ကစားသမားရဲ့ အရည်အသွေးတွေကို သိရှိနေတာပါ။

ရာမို့စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းရဲ့ ပဏာမ ကစားသမား ၅၅ ဦးစာရင်းမှာ ပါဝင်နေပေမယ့် နိုဝင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန်မယ့် နည်းပြ အင်းနရစ်ရဲ့ အပြီးသတ် ၂၆ ဦးစာရင်းမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

စပိန်လက်ရွေးစင် အသင်းမှာ ကစားခဲ့တဲ့ ရာမို့စ်ကိုတွေ့ရစဉ် (SportsMax)

ရာမို့စ်ဟာ ဒဏ်ရာတွေကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း စပိန်အတွက် မပါဝင်နိုင်ခဲ့သလို အဲ့ဒီနောက်ပိုင်း အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခြင်း မခံရတော့တာပါ။

ရာမို့စ်ဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းနဲ့အတူ ခြေစွမ်းပြသနေတာကြောင့် စပိန်အသင်းအတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ရာမို့စ်ဟာ စပိန်လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၁၈၀ ပါဝင် ကစားထားပြီး ပွဲအများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ထားတာပါ။

ပီအက်စ်ဂျီ နောက်ခံလူဟာ စပိန်အတွက် ၂၃ ဂိုးအထိ သွင်းယူထားပြီး ဂိုးသွင်းအားကောင်းတဲ့ နောက်ခံ ကစားသမားအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

စပိန်အသင်းရဲ့ ပဏာမစာရင်းမှာ ယူနိုက်တက်ဂိုးသမား ဒီဂီယာလည်း ချန်လှပ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီဂီယာ ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲဝင် စပိန်အသင်း လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် တစ်ပွဲမှ ကစားရခြင်း မရှိခဲ့ပါဘူး။

စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီ၊ ကော်စတာရီကာ၊ ဂျပန်တို့နဲ့ အုပ်စု E မှာ ကျရောက်နေပြီး အဖွင့် ပွဲစဉ်အဖြစ် ကော်စတာရီကာ အသင်းနဲ့ နိုဝင်ဘာလ ၂၃ ရက်မှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail