CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှားမှာ ထိန်းသိမ်းခံထားရတဲ့ ဘတ်စကတ်ဘောကြယ်ပွင့် ဘရစ်တနီ ဂရိုင်နာရဲ့ ဇနီးဖြစ်သူနဲ့ ဗုဒ္ဓဟူးနေ့က စကားပြောဆိုခဲ့တယ်လို့ AFP သတင်းကို ကိုးကားပြီး ဘန်ကောက်ပို့စ် ဝက်ဘ်ဆိုဒ်သတင်းမှာ ရေးသားထားပါတယ်။

“သမ္မတ ဘိုင်ဒန်၊ဒုသမ္မတ ဟားရစ်တို့ဟာ ရုရှားနိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဘရစ်တနီဂရိုင်နာရဲ့ ဇနီးဖြစ်သူ ချီရယ်လ်ဂရိုင်နာနဲ့ စကားပြောခဲ့ပါတယ်။ဘရစ်တနီကို တတ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်နိုင် အောင် ဆောင်ရွက်ပေးနေတယ်လို့ သမ္မတက ချီရယ်လ်ကို အာမခံခဲ့ပါတယ်။WNBA ကြယ်ပွင့်ထံ ပေးပို့တဲ့ စာမူကြမ်းကိုလည်း သူမအားဖတ်စေခဲ့တယ်။”လို့ အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အိုလံပစ်နှစ်ကြိမ်ချန်ပီယံ ဂရိုင်နာဟာ ရုရှားနိုင်ငံအတွင်းကို မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းတယ်ဆိုပြီး စွဲချက်တင်ခံထားရတာဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်အထိကျခံရနိုင်တာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဘရစ်တနီဂရိုင်နာဟာ ရုရှားက ယူကရိန်းအပေါ်အပြည့်အ၀ ထိုးစစ်မစတင်ခင် ရက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အဲဒီနောက်မှာ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေက ရုရှားအပေါ်မှာ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။

ဘတ်စကတ်ဘောကြယ်ပွင့်ရဲ့ အမှုဟာ အမေရိကန်နဲ့ရုရှားကြား ဆက်ဆံရေးမှာ အတားအဆီးများစွာတွေထဲက တစ်ခုအဖြစ် ရှိလာခဲ့တာပါ။ဘရစ်တနီဂရိုင်နာဟာ ရုရှားအကျဉ်းထောင်ကနေ သူ့ကို လွတ်မြောက်အောင် ကူညီပေးဖို့ သမ္မတ ဘိုင်ဒန်ထံ လက်ရေးနဲ့ရေးသားပြီး တောင်းဆိုခဲ့တဲ့စာကို အမေရိကန်လွတ်လပ်ရေးနေ့မှာ အိမ်ဖြူတော်ထံ တင်ပြခဲ့တာဖြစ်ပါတယ်။

ဘရစ်တနီဂရိုင်နာက “အလုပ်တွေအများကြီးလုပ်ကိုင်နေရတယ်ဆိုတာ နားလည်ပေမယ့် သူနဲ့အတူ အခြား အမေရိကန်အကျဉ်းသားတွေကို မမေ့ပါနဲ့။အားလုံးကို အိမ်ကိုပြန်ခေါ်ဆောင်နိုင်ဖို့ လုပ်ဆောင်ပေးပါ” လို့ ရေးသားခဲ့တာပါ။ဘတ်စကတ်ဘောကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ရုံးတင်စစ်ဆေးခံခဲ့ရပြီး ကြာသပတေးနေ့မှာ ကြားနာရဖို့ စီစဉ်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဘရစ်တနီဂရိုင်နာဟာ ကစားသမားဘဝမှာ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပြီး အမေရိကန်လက်ရွေးစင်နဲ့အတူ ၂၀၁၆ ရီယိုဒီဂျနေးရိုးအိုလံပစ်နဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ရယူနိုင်ခဲ့ပါတယ်။ဒါ့အပြင် ၂၀၁၄ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း လက်ရွေးစင်အသင်းနဲ့ ချန်ပီယံဆု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Bangkokpost