CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀

စပို့တင်းလစ္စဘွန်း အသင်းနည်းပြ အေမိုရင်က ရော်နယ်ဒိုရဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ မေးခွန်းကို ဒေါသတကြီး တုန့်ပြန်သွားခဲ့ပါတယ်။

အေမိုရင်က “ရော်နယ်ဒိုက ကာတာမှာ ရှိနေတယ်။ သူ့ကိုမေးဖို့ အခွင့်အရေး ရခဲ့ပေမယ့် ခင်ဗျားတို့ မလုပ်ခဲ့ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ကျနော့်ကို အကြိမ် ၅၀၀ လောက်မေးပြီးပါပြီ။ ကျနော်ဒါကို ဖြေပြီးသားပါ”လို့ ဘရာဂါကို အနိုင် ရတဲ့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

စပို့တင်းလစ္စဘွန်းအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။

ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းကို ပြန်လာနိုင်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်နေခဲ့သလို အင်္ဂလန်၊ ဆော်ဒီ ကလပ် အသင်းတွေနဲ့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

ရော်နယ်ဒိုကိုတွေ့ရစဉ်

မကြာသေးခင်က ရော်နယ်ဒိုဟာ အသင်းဟောင်း ရီးရယ်လ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အေမိုရင်ဟာ အောက်တိုဘာလကလည်း “ စပို့တင်းမှာ ရှိတဲ့သူတွေအားလုံးက ရော်နယ်ဒို ပြန်လာဖို့အတွက် အိပ်မက်တွေ ရှိနေခဲ့ကြတာပါ။ ဒါပေမယ့် သူ့ရဲ့ လုပ်ခလစာ ပေးခြေဖို့ ကျနော်တို့မှာ ပိုက်ဆံမရှိပါဘူး”လို့ ပြောခဲ့တာပါ။

စပို့တင်းလစ္စဘွန်း ဒါရိုက်တာ ဟူဂိုဗီယာနာက “ ရော်နယ်ဒို ဘယ်ကိုသွားမလဲဆိုတာ သူဆုံးဖြတ်ရမှာပါ။ ဒါပေမယ့် အနာဂတ်ကို ခင်ဗျားတို့ ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။ ဒါကြောင့် သူဆုံးဖြတ်တာကို ကျနော်တို့ ကြည့်ကြတာပေါ့”လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့လည်း စိတ်ပျက်ဖွယ် ကမ္ဘာ့ဖလားရလဒ်ကို ရင်ဆိုင်ခဲ့ရပြီးနောက် လက်ရှိအချိန် မှာ တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်ပြီး အနားယူနေပါတယ်။

Source: Goal