CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁

ပရိသတ်တွေဟာ တံတားပေါ်ကနေ ခုန်ချပြီး ကစားသမားတွေနဲ့ ဘတ်စ်ကားပေါ်မှာ ပူးပေါင်းဖို့ ကြိုးစားခဲ့တာ ကြောင့် အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားအောင်ပွဲခံ ချီတက်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။

လူပေါင်း ၄ သန်းကျော်ဟာ အာဂျင်တီးနား ကစားသမားတွေ၊ ကမ္ဘာ့ဖလား ဆုဖလားနဲ့အတူ ဗျူနိုအေရိစ် လမ်းမပေါ်မှာ အောင်ပွဲခံခဲ့ကြတာပါ။

ဒါပေမယ့် ကားပေါ်ခုန်ချခဲ့တဲ့ အမျိုးသား ၂ ဦးဟာ ဒဏ်ရာပြင်းထန်စွာ ရခဲ့တာကြောင့် အာဂျင်တီးနားအသင်း ဘတ်စ်ကားဟာ အရေးပေါ် လမ်းလွှဲခိုင်းခဲ့ရတာ ဖြစ်ပါတယ်။

အာဂျင်တီးနား ကစားသမားတွေဟာ တံတားပေါ်မှာပဲနေဖို့ တိုက်တွန်းခဲ့ပေမယ့် ပထမလူက အောင်မြင်စွာ ခုန်ချနိုင်ခဲ့လို့ ဒုတိယလူက ထပ်မံခုန်ချခဲ့တာမှာ ကားအနောက်နဲ့တိုက်ကာ လမ်းမပေါ်ကို ကျသွားခဲ့ပါတယ်။

အဲ့ဒါကြောင့် လုံခြုံရေးတာဝန်ရှိသူတွေက ဒီချီတက်ပွဲကို စောစီးစွာရပ်နားဖို့ ဆုံးဖြတ်ခဲ့ပြီး ကစားသမားတွေကို ရဟတ်ယာဉ်နဲ့ ဗျူနိုအေရိစ်မြို့ပြင်ရှိ နိုင်ငံအသင်း လေ့ကျင့်ရေးစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းများကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားစဉ်

အာဂျင်တီးနားရဲ့ ချီတက်အောင်ပွဲခံတာကို ၁၈ မိုင်အထိသွားပြီး မြို့လယ်ရှိ Obelisco de ဗျူနိုအေရိစ်မှာ အဆုံးသတ်ဖို့ စီစဉ်ထားတာပါ။ ဗျူနိုအေရိစ်ရှိ အရေးပေါ် ဆေးကုသရေးဌာန အကြီးအကဲ အယ်ဘာတိုက အင်္ဂါနေ့မှာ ဒဏ်ရာရရှိသူ ၈ ဦးအထိ ရှိတယ်လို့ အတည်ပြု ထားပါတယ်။

အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ “အာဂျင်တီးနားအသင်းက ကစားသမားတွေဟာ မြို့ထဲမှာ စုရုံးနေကြတဲ့ ပရိသတ်တွေရဲ့ အပေါ်ကနေ ရဟတ်ယာဉ်နဲ့ ပျံဝဲကာ ဒီအောင်ပွဲခံမှုကို အဆုံးသတ်ခဲ့ပါတယ်။ လူအုပ်ကြီး အလယ်ကို ဘတ်စ်ကားနဲ့ ဆက်ပြီး မသွားနိုင်ဘူးဆိုတာ သေချာစိစစ်ပြီးမှ ဒီဆုံးဖြတ်ချက်ကို ချခဲ့ရ တယ်”လို့ ဖော်ပြထားတာပါ။

အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကလော်ဒီယိုတာပီယာက “သူတို့တွေက Obelisk မှာရှိတဲ့လူတွေ အားလုံး ကို နှုတ်ဆက်ခွင့် မပြုခဲ့ပါဘူး။ ကျနော်တို့ကို အစောင့်အကြပ် ပေးနေတဲ့ သူတွေက ရှေ့ဆက်တိုးခွင့် မပေးတော့ပါ ဘူး။ ချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမားတွေ အားလုံး ကိုယ်စား တောင်းပန်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို အနိုင်ရပြီး ကမ္ဘာ့ဖလား ချန်ပီယံ ဆုကို ၃ ကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro