CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက ဂါနာအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုး သွင်းယူခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်လိုက်ပါတယ်။

ရော်နယ်ဒိုဟာ ဒီစံချိန်မှတ်တမ်းအပေါ် အလွန်ဂုဏ်ယူနေတာပါ။

ရော်နယ်ဒိုက “ ဒါဟာ လှပတဲ့ အခိုက်အတန့်ဖြစ်ပြီး ကျနော့်ရဲ့ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲပါ။ ကျနော်တို့ အနိုင်ရခဲ့တယ်။ ကောင်းမွန်စွာနဲ့လည်း စတင်နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ ကျနော်တို့အတွက် အလွန်အရေးပါပါ တယ်။ ဒီလိုပြိုင်ပွဲတွေမှာ ပထမပွဲတွေက အရေးကြီးတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား၊ ဒါကို ကျနော်အလွန်ဂုဏ်ယူပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ ဒီပွဲမှာ ဂါနာအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ရော်နယ်ဒိုအပြင် ဂျာအိုဖိလစ်နဲ့ ရာဖေးလ်လီယာအိုတို့က ၁ ဂိုးစီ သွင်းယူခဲ့တာပါ။ ပေါ်တူဂီနဲ့ ဂါနာပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရော်နယ်ဒိုက ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဂါနာနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၈ ဂိုးအထိ ရှိသွားပြီလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ အသင်းဖော်များကိုတွေ့ရစဉ် (Reuters)

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲ အပါအဝင် အဓိကပြိုင်ပွဲ ၁၀ ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့သူလည်း ဖြစ်ခဲ့ပါ တယ်။

ပေါ်တူဂီအသင်းဖော် ရူဘင်နာဗတ်စ်က “ ခရစ္စတီယာနိုကို လူတိုင်းသိပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံး ကစား သမားပါ။ သူဟာ တကယ့်ကို စိတ်အားထက်သန်ပြီး လက်ရွေးစင်အတွက် အပြည့်အဝ အာရုံစိုက်နေပါတယ်။ သူ ဟာ ကျနော်တို့ကို အများကြီး အကူအညီ ပေးနိုင်တာကြောင့် သူနဲ့အတူ ရှိနေရတာက ကျနော်တို့အတွက် ကံကောင်းတယ်”လို့ ပြောခဲ့တာပါ။

ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် ၁၉၂ ပွဲ ပါဝင်ကစားထားပြီး ၁၁၈ ဂိုး သွင်းယူထားတဲ့ ရော်နယ်ဒိုအတွက် ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလား ရယူပြီး သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝကို အဆုံး သတ်ဖို့ မျှော်လင့်နေတာပါ။

ပေါ်တူဂီအသင်းဟာ နိုဝင်ဘာလ ၂၈ ရက်မှာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဥရုဂွေးအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ တောင်ကိုရီးယားအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာ ဖြစ်ပါတယ်။

Source: Goal/BBC