CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄

ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ အေဗရန်ဂလေဇာဟာ အသင်းကို ရောင်းချဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ တာလဲဆိုပြီး မေးမြန်းတဲ့အပေါ် ဖြေကြားဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

အေဗရန်ဂလေဇာက “ဘုတ်အဖွဲ့ဟာ လုပ်ငန်းစဉ် တစ်ခုကို ဖြတ်သန်း လုပ်ဆောင်ခဲ့ပြီး ယူနိုက်တက်အတွက် ခြားနားတဲ့ ဗျူဟာမြောက် ရွေးချယ်မှုတွေကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ Sky ကို ပြောခဲ့တာပါ။
ယူနိုက်တက် ပရိသတ်တွေဟာ ဂလေဇာမိသားစုကို နှစ်ပေါင်းများစွာ ဆန့်ကျင်နေပြီး အသင်းကို ပိုင်ဆိုင်နေတဲ့ အပေါ် ဆန္ဒပြမှုတွေလည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့ဟာ ယူနိုက်တက်ကို ရောင်းချဖို့ စီစဉ်နေတာပါ။

အမေရိကန်မိသားစုဟာ ယူနိုက်တက်ကို ပေါင် ၉ ဘီလီယံနဲ့ ရောင်းချနိုင်ဖို့ မျှော်လင့်နေပါတယ်။ မကြာသေးခင်က ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ရော်နယ်ဒိုက ဂလေဇာ မိသားစုဟာ ကလပ်ကို ဈေးကွက်ရှာဖွေရေး အသင်း အဖြစ် သတ်မှတ်ထားပြီး ပိုက်ဆံရဖို့ပဲသိပြီးတော့ အသင်းအပေါ်မှာ ဂရုစိုက်တဲ့သူတွေ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်း အားကစားကွင်းကိုတွေ့ရစဉ် (AP)

ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး အေဗရန်ဂလေဇာက “ ခရစ္စတီယာနိုရော်နယ်ဒို အကြောင်း ပြောရမယ်ဆိုရင် သူဟာ ယူနိုက်တက်ရဲ့ အလွန်ကောင်းမွန်တဲ့ ကစားသမားပါ။ ကလပ်အတွက် သူလုပ်ပေးခဲ့တဲ့ အရာတွေအားလုံးကို အလွန် ကျေးဇူးတင်ပါတယ်။ ရော်နယ်ဒို အနာဂတ်မှာ ကံကောင်းပါစေလို့ ဆန္ဒပြုကြောင်း” ပြောခဲ့ပါတယ်။

ယူနိုက်တက် ဂန္တဝင် ဒေးဗစ်ဘက်ခမ်းဟာ အသင်းကို ဝယ်ယူဖို့ အလားအလာရှိတဲ့ သူတွေအားလုံးနဲ့ ဆွေးနွေးမှု တွေ ပြုလုပ်ဖို့ လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ ယူနိုက်တက်ကို ဝယ်ယူဖို့ တက်နိုင်မှာ မဟုတ်ပေမယ့် ဝယ်ယူမယ့် သူတွေရဲ့ ရင်းနှီးမြုပ်နှံမှု မှာ အစိတ်အပိုင်းအဖြစ် ပါဝင်နိုင်ပါတယ်။ ဗြိတိန်ရဲ့ အချမ်းသာဆုံး ဘီလျံနာတစ်ဦးဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ် ကလည်း ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတွေထဲက တစ်ဦးဖြစ်ပါတယ်။

ယူနိုက်တက် ပရိသတ်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့ နွေရာသီက ချယ်လ်ဆီးကို ဝယ်ယူဖို့ လုပ်ခဲ့ပေ မယ့် မအောင်မြင်ခဲ့ပါဘူး။

Source: The Sun