CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးဟာ ထိုင်းလက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့အတွက် ပဏာမကစားသမား ၂၅ ဦးစာရင်းကို နိုဝင်ဘာလ ၂၄ ရက်က ထုတ်ပြန်လိုက်ပါတယ်။

အခုရွေးချယ်ခဲ့တဲ့ ပဏာမကစားသမား ၂၅ ဦးကို လေးပွင့်ဆိုင်ခြေစမ်းပွဲတွေကနေ ရွေးချယ်ထားတာပါ။ ရွေးချယ်ခံထားရတဲ့ ကစားသမားတွေဟာ ပြည်တွင်းလိဂ်ကကစားသမားတွေဖြစ်ပြီး ပြည်ပမှာ ကစားနေတဲ့ ကစားသမားတွေကတော့ ထိုင်းနိုင်ငံကို ရောက်ရှိမှသာ လာရောက်ပူးပေါင်းကြမှာ ဖြစ်ပါတယ်။အဆိုပါ ကစားသမားတွေအားလုံးကို ပူးပေါင်းလေ့ကျင့်မှုတွေ ပြုလုပ်ပြီးမှသာ လူစာရင်းထပ်မံထုတ်ပြန်မှာပါ။

မြန်မာအသင်းဟာ ထိုင်းအသင်းနဲ့ ဒီဇင်ဘာလ ၁၁ ရက် ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ ခြေစမ်းပွဲယှဉ်ပြိုင်မှာဖြစ်ပြီး ဒီခြေစမ်းပွဲပြီးတာနဲ့ AFF Mitsubishi Electric Cup ပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းကို ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။မြန်မာအသင်းရဲ့ ပဏာမကစားသမား ၂၅ ဦးစာရင်းမှာ ဂိုးသမားတွေအဖြစ် ကျော်ဇင်ဖြိုး၊ ဆန်းဆက်နိုင်နဲ့ ထွန်းနန္ဒဦး၊ နောက်တန်းမှာတော့ ကျော်ဇင်လွင်၊ နန္ဒကျော်၊ ဒေးဗစ်ထန်၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ သီဟထက်အောင်၊ ဟိန်းဇေယျာလင်း၊ ဇော်ရဲထွန်း၊ဝေယံဦးနဲ့ သက်ဝေမိုးတို့ ဖြစ်ပါတယ်။

 

ကွင်းလယ်မှာ ကျော်မင်းဦး၊ မြတ်ကောင်းခန့်၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊ အောင်နိုင်ဝင်း၊ လင်းထက်စိုး၊ ဝေလင်းအောင်နဲ့ ရဲရင့်အောင်၊ ရှေ့တန်းမှာတော့ ဝင်းနိုင်ထွန်း၊ နိုင်ဇင်ထက်၊ ရန်ကျော်ထွေးနဲ့ အီစိုးတို့ ပါဝင်နေကြတာပါ။
မြန်မာအသင်းဟာ ထိုင်းအသင်းနဲ့ မကစားခင် ဟောင်ကောင်အသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲ ကစားထားပြီး ၁ ပွဲရှုံး ၁ ပွဲသရေလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ AFF Mitsubishi Electric Cup ပြိုင်ပွဲမှာ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၀ ရက်ကနေ ၂၀၂၃ ဇန်နဝါရီ ၁၆ ရက်အထိ ကျင်းပ သွားမှာဖြစ်ပါတယ်။