CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈

လမ်ပန်ဝါရီယာအသင်းရဲ့မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်ဟာ ထိုင်းလိဂ် ၁ ပွဲစဉ် ၁၅ ရဲ့ အကာင်းဆုံးအသင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

မောင်မောင်လွင်ဟာ လမ်ပန်ဝါရီယာအသင်းက ဆူခိုထိုင်းအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးခဲ့တာပါ။ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးဟာ မောင်မောင်လွင်အတွက် အခုနှစ်ရာသီ ထိုင်းလိဂ်ပြိုင်ပွဲမှာ ပထမဆုံး သွင်းယူတဲ့ဂိုးလည်း ဖြစ်ခဲ့ပါတယ်။မောင်မောင်လွင်ဟာ ဒီပွဲမှာ ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးခဲ့တာကြောင့် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းလိဂ်က ရွေးချယ်တဲ့ အကောင်းဆုံးအသင်းမှာလည်း မောင်မောင်လွင်ဟာ ရွေးချယ်ခံခဲ့ရတာပါ။ မြန်မာ့လက်ရွေးစင်ကစားသမားဟာ ရာသီအစက ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တချို့ကို မပါဝင်နိုင်ခဲ့ပေမယ့် ပြန်လည်ပါဝင်တဲ့အချိန်မှာ ပွဲထွက်ခွင့်တနေရာကို ပြန်လည်ရယူပြီး ခြေစွမ်းပြသနေတာဖြစ်ပါတယ်။ မောင်မောင်လွင်ဟာ ဒီရာသီမှာ လမ်ပန်ဝါရီယာအသင်းအတွက် ၈ ပွဲကစားထားပြီး ၁ ဂိုးသွင်း ၂ ဂိုးဖန်တီး ထားတာပါ။

ရန်ကုန်ယူနိုက်တက်ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ရာသီက လမ်ပန်ဝါရီယာအသင်း ထိုင်းလိဂ် ၂ ကနေ လိဂ် ၁ ကို တန်းတက်နိုင်အောင် အဓိက စွမ်းဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။မောင်မောင်လွင်ဟာ လက်ရှိအချိန်မှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဥရောပနိုင်ငံဖြစ်တဲ့ မောလ်တာလိဂ်ရဲ့ ဆက်သွယ်မှုတွေ ရရှိခဲ့တယ်လို့ သိရတာပါ။မောင်မောင်လွင်ဟာ အခုအချိန်မှာတော့ လမ်ပန်ဝါရီယာအတွက် အပြည့်အ၀ အာရုံစိုက်နေတာ ဖြစ်ပါတယ်။

လမ်ပန်ဝါရီယာအသင်းဟာ ထိုင်းလိဂ် ၁ ပွဲစဉ် ၁၅ ပွဲကစားအပြီးမှာ ၃ ပွဲနိုင် ၄ ပွဲသရေ ၈ ပွဲရှုံးနဲ့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။