CNI International News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉

ဘရူနိုဖာနန်ဒက်စ်က ဥရုဂွေးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ပေါ်တူဂီအတွက် အဖွင့်ဂိုး ကို ဘယ်သူပဲသွင်းသွင်း အရေးကြီးတာက နောက်တဆင့် တက်ဖို့ပဲလိုတယ်လို့ ပြောလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ အဖွင့်ဂိုးကို ဘယ်သူ သွင်းယူလဲဆိုတာက တကယ်ကို အရေးမကြီးပါဘူး။ ကျနော်ပဲဖြစ်ဖြစ် ခရစ္စတီယာနိုပဲ ဖြစ်ဖြစ်ပါ။ ကျနော်ကတော့ အဲ့အချိန်မှာ ခရစ္စတီယာနို ဘောလုံးထိမိခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။ ကျနော် သူ့ဆီကို ဘောလုံးပေးပို့ခဲ့တာပါ။ အရေးကြီးတာက ကျနော်တို့ ခက်ခဲတဲ့ ပြိုင်ဘက်ကို အနိုင်ရပြီး နောက်တဆင့် တက်ဖို့ပါပဲ။ လာမယ့်ပွဲမှာလည်း အနိုင်ရပြီး ရှုံးပွဲမရှိနဲ့ အုပ်စုက တက်ချင်တယ်”လို့ ပြောခဲ့တာပါ။

ဒီပွဲစဉ်ရဲ့ ပွဲချိန် ၅၄ မိနစ်မှာ ရရှိတဲ့ ပေါ်တူဂီအတွက် အဖွင့်ဂိုးကို ရော်နယ်ဒို သွင်းယူခဲ့တယ်လို့ ထင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အနှေးပြကွက်နဲ့ ပြန်ကြည့်တာမှာ ဘရူနိုဖာနန်ဒက်စ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးဟာ ရော်နယ်ဒိုရဲ့ ခေါင်းနဲ့ မထိပဲ ဂိုးထဲ ဝင်သွားခဲ့တာပါ။

အဲ့ဒါကြောင့် ဒီဂိုးကို ဘရူနိုဖာနန်ဒက်စ်ရဲ့ ဂိုးအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးသာ ရော်နယ်ဒိုရဲ့ သွင်းဂိုး ဖြစ်ခဲ့မယ်ဆိုရင် ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလား သွင်းဂိုး အများဆုံး ဂန္တဝင် အူဆီဘီယိုရဲ့ သွင်းဂိုး အရေအတွက်နဲ့ တူညီ သွားမှာပါ။

ဘရူနိုဖာနန်ဒက်စ် ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ရော်နယ်ဒို ခေါင်းတိုက် သွင်းနေစဉ် (The Standard)

အူဆီဘီယိုက ၉ ဂိုး သွင်းယူထားပြီး ဒီစံချိန်ကို တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ပေါ်တူဂီ အသင်း ရခဲ့တဲ့ ဒုတိယဂိုးကိုလည်း ပင်နယ်တီကနေ သွင်းယူသွားခဲ့တာပါ။

ရော်နယ်ဒိုဟာ ဒီအချိန်မှာ လူစားလဲ ခံခဲ့ရတာကြောင့် ပင်နယ်တီကို ယူနိုက်တက် ကစားသမားက ကန်သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ပွဲ ကစားအပြီးမှာ ၂ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးထားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိသွားခဲ့ ပါတယ်။ ပေါ်တူဂီအသင်းဟာ ဥရုဂွေးအသင်းကို အနိုင်ရပြီးနောက် အုပ်စုတွင်း ၂ ပွဲကစား ရမှတ် ၆ မှတ်နဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် သောကြာနေ့မှာ တောင်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

တောင်ကိုရီယားအသင်းဟာ အုပ်စုတွင်း ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၁ မှတ်သာ ရရှိထားပြီး နောက်တဆင့် တက်ဖို့ မျှော်လင့်ချက် နည်းပါးနေတာ ဖြစ်ပါတယ်။

Source: Daily Mail