CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၆

ယူနိုက်တက်အသင်းရဲ့ ကစားသမားသစ် ကတ်စမဲရိုးက ရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ အမျိုးမျိုး ရှိနေပေမယ့် မန်ချက်စတာကလပ်မှာပဲ ဆက်ရှိဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

ကတ်စမဲရိုးက “ ကျနော်သူ့ကို အလွန်လေးစားတယ်ဆိုတာ သူသိပါတယ်။ သူက အလွန်ကောင်းမွန်တဲ့ ကစား သမားဖြစ်လို့ ကျနော်တို့နဲ့အတူ ဆက်ရှိဖို့ မျှော်လင့်ပါတယ်။ ကျနော် အခုပြောနေတာက အချိန်တိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ သူက ဂိုးတွေ အများကြီး သွင်းယူထားသူ၊ အောင်နိုင်သူနဲ့ ခေါင်းဆောင်ကောင်း တစ်ဦးပါ။ သူဟာ ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်။ အဲ့ဒါကြောင့် သူ ကျနော်တို့နဲ့အတူ ဆက် ရှိဖို့ တကယ်ကို မျှော်လင့်ပါတယ်”လို့ ESPN ကို ပြောပါတယ်။

ကတ်စမဲရိုးနဲ့ ရော်နယ်ဒိုတို့ဟာ ရီးရယ်လ်အသင်းမှာ ကာလကြာရှည် တွဲကစားပြီး အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ ကတ်စမဲရိုးကို ရီးရယ်လ်အသင်းမှာ တွေ့ရစဉ် (RT)

ဘရာဇီးလ် ကစားသမားဟာ အခုအပြောင်းအရွှေ့မှာ ရီးရယ်လ်အသင်းကနေ ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ယူနိုက်တက်အသင်းနဲ့ လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပါပြီ။ ကတ်စမဲရိုးဟာ စနေနေ့မှာ ကစားမယ့် ဆောက်သမ်တန် အသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပွဲဦးထွက်အဖြစ် ပါဝင်လာဖို့ ရှိနေပါတယ်။

ရော်နယ်ဒိုကတော့ အပြောင်းအရွှေ့ မပိတ်ခင် အချိန်အထိ ယူနိုက်တက်ကနေ ထွက်ခွာခွင့်ရဖို့ မျှော်လင့်နေတာပါ။ ရော်နယ်ဒိုဟာ လီဗာပူးလ် အသင်းနဲ့ပွဲ အပါအဝင် ယူနိုက်တက်အသင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၁ ပွဲ သာ ပွဲအစကတည်းက ပါဝင်ခဲ့ရပြီး ကျန်တဲ့ ၂ ပွဲစလုံးက လူစားဝင်ကစားသမား အဖြစ်သာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ အစီအစဉ်တွေထဲမှာ ပါဝင်နေဆဲ ဖြစ်တယ်လို့ ပြောထား တာပါ။

မကြာသေးခင်က ရော်နယ်ဒိုဟာ ငယ်ဘဝကလပ် စပို့တင်းလစ္စဘွန်းအသင်းထံ ပြန်ဖို့ ၉၉ ရာခိုင်နှုန်း သေချာနေ ပြီလို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ယူနိုက်တက်ကတော့ ဒါကို ငြင်းဆန်ထားတာ ဖြစ်ပါတယ်။

Source: ESPN