CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅

လမ်ပန်ဝါရီယာ အသင်းဟာ ဧပြီ ၂၄ ရက်က ကစားခဲ့တဲ့ ထိုင်းလိဂ်(၂) ပွဲစဉ်မှာ ပရာချာ အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ထိုင်းလိဂ်(၁) ပြိုင်ပွဲကို တန်းတက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ထိုင်းလိဂ်(၂) ပြိုင်ပွဲပြီးဆုံးဖို့ ၁ ပွဲ ကျန်သေးပေမယ့် လမ်ပန်ဝါရီယာ အသင်းဟာ တတိယနေရာက ထရက် အသင်းကို ၄ မှတ် ဖြတ်ထားနိုင်တာကြောင့် လာမယ့်ရာသီ ထိုင်းလိဂ်(၁)ပြိုင်ပွဲကို တန်းတက်နိုင်ခဲ့တာပါ။ လမ်ပန်ဝါရီယာ အသင်းအနေနဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ကဆတ်ဆာ့ဒ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံအဖြစ်ပါ အောင်ပွဲခံနိုင် မှာလည်း ဖြစ်ပါတယ်။

လမ်ပန်ဝါရီယာ အသင်းဟာ ပြီးခဲ့တဲ့နှစ်ကမှ ထိုင်းလိဂ်(၃)ပြိုင်ပွဲမှာ ချန်ပီယံဆုရယူပြီး ထိုင်းလိဂ်(၂)ကို တန်းတက်နိုင်ခဲ့တာပါ။ ဒါပေမယ့် တစ်ရာသီအကြာမှာပဲ ထိုင်းလိဂ်(၁)ပြိုင်ပွဲကို ထပ်မံတန်းတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မောင်မောင်လွင် ကတော့ လမ်ပန်ဝါရီယာ အသင်း တန်းတက်တာမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့တာပါ။ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ လမ်ပန်ဝါရီယာကို ရောက်ရှိကတည်းက ပွဲထွက်ခွင့် တစ်နေရာကို ပုံမှန် ရယူ နိုင်ခဲ့ပြီး အသင်းဖော်တွေနဲ့ အတွဲအဖက်ညီခဲ့တာ ဖြစ်ပါတယ်။

မောင်မောင်လွင် ကစားနေတဲ့ လမ်ပန်ဝါရီယာအသင်း (Lamphun Warriors)

မောင်မောင်လွင်ဟာ လမ်ပန်ဝါရီယာ အသင်းက ပရာချာ အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းရယူခဲ့တဲ့ ပထမဂိုးကို သွင်းယူ ပေးနိုင်ခဲ့တာပါ။ မောင်မောင်လွင်ဟာဆိုရင် ထိုင်းလိဂ်(၂)က ပေးတဲ့ ဖေဖော်ဝါရီလ အတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရယူထားတာ ဖြစ်ပါတယ်။

ဟံသာဝတီယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက် ကစားသမားဟောင်းဟာ လမ်ပန်ဝါရီယာ အသင်းအတွက် ပြိုင်ပွဲစုံ(၁၇)ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူကာ ၇ ဂိုး ဖန်တီးထားတာပါ။

အခုဆိုရင် မောင်မောင်လွင်ဟာ ဗီယက်နမ်မှာ ကျင်းပမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် မြန်မာယူ-၂၃ အသင်းရဲ့ ပဏာမ လူစာရင်း မှာ ပါဝင်နေပြီး ထိုင်းလိဂ်ပြိုင်ပွဲ ပြီးဆုံးတာနဲ့ နိုင်ငံအသင်းနဲ့ သွားရောက်ပူးပေါင်း လေ့ကျင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။