CNI Sport News
၂၀၂၂ ခုနှစ်၊ မေ ၉
မြန်မာယူ(၂၃) အသင်းနည်းပြချုပ် ပိုပေါ့ဗ် က တီမောနဲ့ကစားခဲ့တဲ့ ပွဲက အမှားတွေကို သင်ခန်းစာယူပြီး ဖိလစ်ပိုင်နဲ့ ပွဲကို ပြင်ဆင်မယ်လို့ ပြောလိုက်ပါတယ်။
မြန်မာအသင်းဟာ မေလ (၈) ရက်က ဆီးဂိမ်းစ်ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် တီမောအသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ပထမပိုင်းမှာ ဝင်းနိုင်ထွန်း၊ထက်ဖြိုးဝေတို့ရဲ့ သွင်းဂိုးတွေနဲ့ မြန်မာအသင်း ဦးဆောင် နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဒုတိယပိုင်းမှာ ကစားသမားအပြောင်းအလဲပြုလုပ်ခဲ့တာကြောင့် ရုန်းကန်ခဲ့ရပြီး တီမောအသင်းကို ချေပဂိုး (၂) ဂိုးပြန်ပေးခဲ့ရတာပါ။အဲဒါကြောင့် မြန်မာအသင်းဟာ အနိုင်ဂိုးရဖို့ နောက်ဆုံးမိနစ် အထိ အသည်းအသန်ကြိုးစားခဲ့ရတာဖြစ်ပါတယ်။အနိုင်ဂိုးကို နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ အောင်ဝဏ္ဏစိုးက သွင်းယူသွားခဲ့တာပါ။
မြန်မာအသင်းနည်းပြ ပိုပေါ့ဗ်က “ပြိုင်ပွဲတစ်ပွဲရဲ့ အဖွင့်ပွဲစဉ်တိုင်းဟာ ခက်ခဲတတ်ပါတယ်။ပထမပိုင်းမှာ အသာစီး ရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရုန်းကန်ခဲ့ရပါတယ်။တီမောအသင်းရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးချင်ပါတယ်။ သူတို့အကောင်းဆုံးတုန့်ပြန်ကစားနိုင်ခဲ့တာပါ။ဘယ်လိုပဲဖြစ်ဖြစ် အနိုင် ၃ မှတ်ရရှိခဲ့လို့ ကျေနပ်ပါတယ်။ဒီပွဲက အမှားတွေကို သင်ခန်းစာယူပြီး ဖိလစ်ပိုင်နဲ့ ပွဲကို ဆက်လက်ပြင်ဆင်သွားပါမယ်”လို့ ပွဲအပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။