CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၈

မြန်မာ့လက်ရွေးစင်အသင်းဟာ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲအဖြစ် စက်တင်ဘာလထဲမှာ နီပေါ လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မြန်မာအသင်းနဲ့ နီပေါအသင်းတို့ဟာ စက်တင်ဘာ ၈ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ခြေစမ်းပွဲ ၂ ပွဲယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲတွေကို သုဝဏ္ဏဘောလုံးကွင်းမှာ ကျင်းပသွားမှာပါ။ ဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ မြန်မာအသင်းက အဆင့် ၁၅၈၊ နီပေါအသင်းက အဆင့် ၁၇၆ မှာ ရပ်တည်နေတာဖြစ်ပါတယ်။ မြန်မာနဲ့ နီပေါအသင်းတို့ဟာ ၂၀၁၉ ခုနှစ်က နောက်ဆုံးတွေ့ဆုံခဲ့ပြီး ဒီပွဲမှာ မြန်မာအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

မြန်မာအသင်းဟာ အောက်တိုဘာလထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှဇုန်ပထမအဆင့်ခြေစစ်ပွဲနဲ့ ၂၀၂၇ အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအဖြစ် မကာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီခြေစစ်ပွဲကို အိမ်ကွင်း၊အဝေးကွင်းယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် ဂျပန်၊ဆီရီးယား၊ မြောက်ကိုရီယားအသင်းတို့နဲ့ တစ်အုပ်စုတည်း ယှဉ်ပြိုင်ရမှာပါ။

မြန်မာအသင်းဟာ ပြီးခဲ့တဲ့ ဇွန်လက တရုတ်နိုင်ငံမှာ ဖီဖာနိုင်ငံတကာခြေစမ်းပွဲတွေ သွားရောက်ကစားခဲ့ပြီး ပထမ ပွဲမှာ တရုတ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပွဲမှာတော့ မကာအိုအသင်းကို ၂ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရခဲ့တာပါ။ မြန်မာအသင်းဟာ နီပေါအသင်းနဲ့ ခြေစမ်းပွဲအတွက် သြဂုတ်အကုန်ပိုင်းမှာ လေ့ကျင့် မှုတွေ ပြုလုပ်သွားဖို့ ရှိနေပြီး နည်းပြဖြစ်သူ မိုက်ကယ်ကလည်း မကြာခင်မှာ အသင်းလူစာရင်းကို ထုတ်ပြန် ပေးသွားဖို့ ရှိနေတာဖြစ်ပါတယ်။

မြန်မာ ယူ-၂၃ အသင်းကလည်း ဩဂုတ်နဲ့ စက်တင်ဘာလထဲမှာ ယှဉ်ပြိုင်မယ့် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲနဲ့ အာရှအားကစားပွဲတော်ဘောလုံးပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။